နေပြည်တော် ၊ ဧပြီ ၂၀

နိုင်ငံတဝန်းမှာ စစ်ကောင်စီက စစ်မှုထမ်းအပတ်စဉ်(၁)အတွက် လူငယ် ၄၃၀၀ ကျော်ကို စစ်သားစုဆောင်းပြီး သင်တန်းကျောင်း ၁၅ ကျောင်းသို့ ပို့ဆောင်ထားတယ်လို့ ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့ လာရေးအဖွဲ့ BACS ရဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။

ဧပြီ ၁၃ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ BACS ရဲ့ အစီရင်ခံစာအရ စစ်ကောင်စီအနေနဲ့ သင်တန်းကျောင်းတွေနဲ့ သင်တန်းကျောင်းအလိုက် ထားရှိမယ့် စစ်မှုထမ်းအရေအတွက်တွေကို တရားဝင် ထုတ်ပြောထားခြင်းမရှိပေမယ့် စစ်ကောင်စီ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြထားတဲ့ ဓာတ်ပုံတွေအရ BACS က တွက်ချက်ထားတာပါ။

စစ်မှုထမ်းအဖြစ် စုဆောင်းခံခဲ့ရတဲ့ လူငယ်တွေကို စစ်ကောင်စီထိန်းချုပ်ထားနိုင်တဲ့ တိုင်းနဲ့ ပြည် နယ်အချို့ရှိ စခတလို့ခေါ်တဲ့ စစ်အခြေခံလေ့ကျင့်ရေးတပ်တွေနဲ့ တပ်မတော်တန်းမြင့်သင်တန်းကျောင်း တတကတွေမှာ အဓိကပို့ဆောင်ထားတာ ဖြစ်ပါတယ်။

အခြားသင်တန်းကျောင်းတွေအဖြစ် အမှတ် ၁ အရာခံအကြပ်ကြီးသင်တန်းကျောင်း (ဗထူး) နဲ့ တပ် မတော် ကွန်ပျူတာနဲ့ နည်းပညာသိပ္ပံ (တကန – ဟိုပုံး) ကျောင်းနှစ်ကျောင်းမှာလည်း စုဆောင်းခံရတဲ့ လူငယ်တွေကို ပို့ဆောင်ထားတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

နိုင်ငံရေး၊စစ်ရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က စစ်ကောင်စီအနေနဲ့ စစ်ပွဲတွေအတွင်း တပ်ဖွဲ့တွေ ကျဆုံးမှုများတာ၊ လက်နက်ချတာနဲ့ ဘက်ပြောင်းတဲ့ အရေအတွက်တွေကို အလျင်အမြန်ဖြည့် ဆည်းဖို့ ကြိုးစားနေတာလို့ သုံးသပ်ပါတယ်။

“ဒီစစ်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့တွေ အကျအဆုံးတွေ များတယ်။ နောက်ပြီးတော့ လက် နက်ချတဲ့ အရေအတွက်တွေများတယ်။ ကူးပြောင်းတဲ့အရေအတွက်တွေ များတဲ့အခါကျတော့ စစ်ကောင်စီတပ်အနေနဲ့ တိုက်ခိုက်‌ရေးအင်အားက သိသိသာသာ လျော့နည်းကျဆင်းနေတဲ့ အနေအ ထားကို ဖြည့်ဆည်းဖို့ အလျင်အမြန် သူကအရေအတွက်တွေကို စုဆောင်းဖို့ ကြိုးစားနေတာပါ”လို့ ဆိုပါတယ်။

စစ်ကောင်စီက မြို့နယ်ပေါင်း ၂၂၄ မြို့နယ်မှာ စစ်မှုထမ်းအကောင်အထည်ဖော်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့ပြီး အဲဒီထဲက ၁၈၆ မြို့နယ်မှာ စစ်မှုထမ်းစာရင်းတွေ ကောက်ယူတာ၊ အကျုံးဝင်သူအဖြစ် မှတ်ပုံတင်စာရင်းသွင်းတာနဲ့ မဲနှိုက်ရွေးချယ်တာတွေလည်း လုပ်ဆောင်ခဲ့တာပါ။

ကျန်တဲ့ မြို့နယ်တွေမှာတော့ စစ်မှုထမ်းနဲ့သက်ဆိုင်တဲ့ လှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် အဲဒီမြို့နယ်တစ်ခုလုံးရှိ ဒေသတွေကို လွှမ်းခြုံနိုင်ခြင်းမရှိဘဲ လက်နက်ကိုင်တော်လှန်ရေးအားကောင်းရာ ဒေသတွေမှာ စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်နိုင်ခြင်း မရှိတာကို တွေ့ရတယ်လို့ BACS က ဆိုပါတယ်။

တစ်ဘက်မှာတော့ စစ်ကောင်စီဟာ ပြည်သူ့စစ်မှုထမ်းဥပဒေကို အတည်ပြုပြီးနောက် ပြည်သူ့စစ် ပျူစောထီးအဖြစ် စုဆောင်းမှုလုပ်ခဲ့တဲ့ မြို့နယ်ပေါင်း ၄၀ ရှိခဲ့ပြီး စုဆောင်းခံရသူ ၂၁၀၀ ကျော်ထဲမှာ ရိုဟင်ဂျာ ၉၀၀ ကျော်ပါဝင်ကာ ရှေ့တန်းပို့ခံရတဲ့အတွက် တိုက်ပွဲအတွင်း သေဆုံးသူတွေလည်း ရှိခဲ့တာပါ။

ဦးသန်းစိုးနိုင်က “အခု ၂/၃ လလောက် လေ့ကျင့်ပေးလိုက်တဲ့ အင်အားစုတွေက အရေအတွက်အားဖြင့် တိုးလာပါလိမ့်မယ်။ ဒါပေမယ့် တိုက်ခိုက်ရေးစိတ်ဓာတ်နဲ့ ကြံ့ခိုင်တဲ့ စိတ်ဓာတ်တောင် မရှိကြပါဘူး။ အရင်ကလူတွေထက်တောင် ပိုဆိုးတဲ့အနေအထား စိတ်ဓာတ်တွေက စစ်ကိုမတိုက်ချင်ကြတော့ဘူး။ အဲဒီထဲမှာ အဓမ္မဆွဲခေါ်လို့ ပါလာတဲ့သူတွေဖြစ်တဲ့အတွက် မကြာခင် ဒီအင်အားစုတွေလည်းပဲ သူ့အရင်က စစ်သားဟောင်းတွေလိုပဲ အမြောက်အများလက်နက်ချတာနဲ့ အမြောက်အများဘက်ကူးပြောင်းတာတွေ တွေ့လာပါလိမ့်မယ်”လို့ သုံးသပ်ပါတယ်။

နိုင်ငံတဝန်း စစ်မျက်နှာများစွာဖွင့်ထားရတဲ့ စစ်ကောင်စီအနေနဲ့ အာဏာသိမ်းမှု သုံးနှစ်ကျော်လာတာနဲ့အတူ စစ်သားသစ်စုဆောင်းလို့ မရတာတွေ၊ တိုက်ပွဲတွေအတွင်း စစ်အင်အားပြုန်းတီးမှုများစွာကို ကြုံတွေ့လာရတာလို့ BACS က ထောက်ပြထားပါတယ်။

စစ်ကောင်စီက လိုအပ်တဲ့ စစ်အင်အားတွေ အမြန်ဆုံးပြန်လည်ဖြည့်တင်းနိုင်ဖို့ အတင်းအဓမ္မဖမ်း ဆီးပေါ်တာဆွဲတာ၊ ပြည်သူ့စစ်စုဆောင်းတာတွေ တိုးမြှင့်လုပ်ဆောင်လာတဲ့အပြင် ခေတ်အဆက် ဆက်ကျင့်သုံးခြင်းမရှိတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး လူငယ်တွေကို အတင်းအ ဓမ္မ စစ်သားစု‌ဆောင်းဖို့ လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။

လူငယ်တွေဘက်ကလည်း နေရပ်စွန့်ခွာထွက်ပြေးဖို့ ကြိုးစားလာမှုတွေ အများအပြားရှိလာပြီး ပြည်တွင်းက တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ခိုလှုံရာနေရာဆီ ဝင်ရောက်သူ ၃၅၀၀ ကျော်ရှိသလို ပြည်ပနိုင်ငံမှာ သွားရောက်ဖို့ နည်းအမျိုးမျိုးနဲ့ ကြိုးပမ်းသူ ၈၅၀၀၀ ကျော် ရှိနေတယ်လို့ BACS ရဲ့ အစီရင် ခံစာမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်းစနစ် အကောင်အထည်ဖော်နေမှုအခြေအနေများ အစီရင်ခံစာဟာသတင်း မီဒီယာနဲ့ စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအပါအဝင် နိုင်ငံတဝန်းက မြို့နယ်ပေါင်း ၁၇၀ ကျော်ထဲက မတူညီတဲ့ ရပ်ကျေးအုပ်ချုပ်ရေးနယ်မြေ ၅၀၀ နီးပါးရဲ့ အချက်အလက်တွေကို အခြေခံထားတာပါ။

ဒီအစီရင်ခံစာပါ ကိန်းဂဏန်းအရေအတွက်တွေဟာ လက်တွေ့မြေပြင်အခြေအနေနဲ့ ကွဲလွဲနိုင်သလို မြေပြင်မှာ ပိုမိုများပြားနိုင်တယ်လို့ ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ BACS က လေ့လာသုံး သပ်တင်‌ပြထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-SAC Telegram

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.