မော်လမြိုင် ၊ ဧပြီ ၂၀
နှစ်စဉ်အမေရိကန်ဒေါ်လာသန်းပေါင်း သောင်းနဲ့ချီ ကုန်သွယ်မှုရှိခဲ့တဲ့ မြန်မာနိုင်ငံရဲ့ နယ်စပ်ကုန်သွယ်ရေးဟာ စစ်ကောင်စီလက်ထက်မှာ စံချိန်တင်ထိုးကျလာတဲ့ အခြေအနေနဲ့ကြုံနေရတယ်လို့ စီးပွားရေးနဲ့ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
စစ်တပ်အာဏာမသိမ်းခင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်က နယ်စပ်ကုန်သွယ်မှုတန်ဖိုးဟာ အမေရိကန် ဒေါ်လာ သန်းပေါင်း ၁၀၆၀၀ ကျော်အထိ ရှိခဲ့ပေမယ့် အာဏာသိမ်းသုံးနှစ်ရဲ့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာတော့ ကန် ဒေါ်လာသန်းပေါင်း ၇၂၂၀ ကျော်အထိ စံချိန်တင်ထိုးကျလာခဲ့တာပါ။
နယ်စပ်ကုန်သွယ်ရေးကျဆင်းမှုဟာ စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှု အလွဲမှားတွေ၊ ပို့ကုန်သွင်းကုန်တွေအပေါ် တင်းကျပ်ထားတဲ့ စည်းကမ်းချက်တွေ၊ ပို့ဆောင်ရေးလမ်းပိုင်းတွေမှာ မလိုလားအပ်တဲ့ ငွေးကြေကောက်ခံ မှုတွေ၊ ပိတ်ဆို့ဖမ်းဆီမှုတွေအပြင် တိုက်ပွဲတွေကြောင့် ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။
တဖက်မှာတော့ တိုက်ပွဲတိုင်းစစ်ရှုံးနေတဲ့ စစ်ကောင်စီဘက်က နယ်စပ်ကုန်သွယ်ရေးစခန်းတချို့ လက်လွှတ် လာရတာ၊ တိုင်းပြည်မငြိမ်မှုတွေကြောင့် တခြားနိုင်ငံတွေက ကုန်သွယ်မှုရပ်နားလာတဲ့ အခြေအနေတွေနဲ့ အဓိက သက်ဆိုင်နေတာပါ။
စီးပွားရေး ပညာရှင်တစ်ဦးကတော့ နယ်စပ်ကုန်သွယ်ရေးမှာ အဓိကအကြီးမားဆုံးကုန်သွယ်နေတဲ့ တရုတ်နဲ့ ထိုင်းနယ်စပ်ဂိတ်တွေကို စစ်ကောင်စီဘက်က လက်လွှတ်လိုက်ရတာကြောင့် နယ်စပ်ကုန်သွယ်ရေးမှာ တော် တော်အထိနာသွားတာဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အဓိကကတော့ တရုတ်နယ်စပ်ကို ထိသွားတဲ့ဟာတော့ တော်တော်နာသွားတာပေါ့။ ဘာလို့ဆိုတော့ ဒီနယ်စပ် ကုန်သွယ်ရေးက ၂၅ ရာခိုင်နှုန်းလောက်ရှိတယ်။ အဲဒီထဲမှာမှ ၂၀ ရာခိုင်နှုန်းလောက်က တရုတ်နဲ့ လုပ်တဲ့ဟာ ဖြစ်နေတော့ အဲဒီဟာက တော်တော်နာသွားတယ်။ နောက်ထိုင်းနဲ့ကတော့ ဒုတိယ အကြီးဆုံး ပေါ့လေ။ ကိုဗစ်မတိုင်မီက၊ ကိုဗစ်နောက်ပိုင်းမှာကတော့ ထိုင်းနဲ့က ကုန်သွယ်မှုအကြီးဆုံး နယ်စပ်ကုန်သွယ်မှု အကြီးဆုံးလို့တောင် ပြောလို့ရတယ်။ ထိုင်းနဲ့ကုန်သွယ်မှုကလည်း အများကြီးထိခိုက်တာပေါ့။ အဲဒီ နှစ်ခုထိ သွားတာက တော်တော် ဒီနယ်စပ်ပို့ကုန်သွင်းကုန်တွေကို တော်တော်ထိသွားတယ်လို့ ပြောရမယ်”လို့ ဆိုပါ တယ်။
ဒါ့အပြင် စစ်ကောင်စီဟာ နယ်စပ်ကုန်သွယ်ရေးမှာ အကြီးအကျယ် ထိခိုက်မှုရှိနေတာကြောင့် လက်ရှိမှာ အိမ်နီးချင်းနိုင်ငံတချို့ကို တင်ပို့လို့ရနေတဲ့ သဘာဝဓာတ်ငွေ့ကိုသာ အားထားနေရတဲ့ အခြေအနေကို မြင်တွေ့နေရတယ်လို့ သူက ဆက်ပြောပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် တရုတ်နိုင်ငံနဲ့ အဓိက ကုန်သွယ်နေတဲ့ မူဆယ် ၁၀၅ မိုင်စခန်း၊ လွယ်ဂျယ်စခန်းနဲ့ ချင်းရွှေဟော် စခန်းတို့ကို လက်လွှတ်လိုက်ရတာ ဖြစ်ပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံနဲ့ ကုန်သွယ်နေတဲ့ မယ်စဲ့စခန်း၊ လက်တလော လက်လွှတ်လိုက်ရတဲ့ မြဝတီ နယ်စပ်ဂိတ်စ ခန်းအပြင် အိန္ဒိယနယ်စပ်ရှိ ရိဒ်နယ်စပ် ကုန်သွယ်ရေး စခန်းတွေကိုလည်း လက်လွှတ်ထားရတာပါ။
နယ်စပ်ကုန်သွယ်ရေးဟာ ဒေသတွင်းရှိ SME လုပ်ငန်းတွေအတွက် အဓိကအားထားရတဲ့ ကုန်သွယ်မှုကဏ္ဍ ဖြစ်သလို နယ်စပ်ကုန်သွယ်ရေး ရပ်တန့်သွားပါက SME လုပ်ငန်းတွေ အခြေအနေ ပိုဆိုးသွားနိုင်တယ်လို့ စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်ပါတယ်။
“အရင်တုန်းကတော့ နယ်စပ်ကုန်သွယ်ရေးက ဒီSME ကိုပဲ အဓိက အားထားရတဲ့ ကုန်သွယ်ရေးကဏ္ဍပေါ့။ ဒီနယ်စပ်ကုန်သွယ်ရေး မရှိတော့ရင်တော့ ပင်လယ်လမ်းကြောင်း ကုန်သွယ်ရေးကိုပဲ အဓိကအားကိုးရမယ်။ ဒါပေမယ့်အဲဒီဟာက ဒီအသေးစား၊ အလတ်စားတွေအတွက်က တော်တော်လက်လှမ်းမမီတဲ့ အခြေအနေ ဖြစ်နေတယ်ဆိုတော့ အခုဟာတော့ ဒီအသေးစား၊ အလတ်စားတွေ ကုန်သွယ်ရေး နယ်စပ်ကုန်သွယ်ရေး အပါအဝင် အသေးစားအလတ်စား လုပ်ငန်းတွေက တော်တော်ကို အခြေအနေဆိုးသွားမှာပေါ့”လို့ ဆိုပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ ခန့်မှန်းချက်အရတော့ မြန်မာ့စီးပွာရေးဟာ ၂၀၂၄ ခုနှစ်အတွင်း အခြေအနေ ကောင်းဦးမှာမ ဟုတ်သလို ၂၀၂၅ ခုနှစ်မှာလည်း စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ရေးနဲ့ ကုန်သွယ်မှုကဏ္ဍ အပါအဝင် ထုတ်လုပ်မှု ကဏ္ဍတွေပါ နှေးကွေးကြန့်ကြာမှုတွေ ဆက်ဖြစ်နေမှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ အစီရင်ခံစာ ထုတ် ပြန်ထားပါတယ်။
ဒါ့အပြင် လက်ရှိအခြေအနေဟာ အာဏာမသိမ်းခင် ကိုဗစ်ကပ်ရောဂါ ကာလမတိုင်ခင်အချိန်က တိုးတက်မှုနှုန်း ကို ပြန်ရောက်ဦးမှာ မဟုတ်သလို ကိုဗစ်ကပ်ရောဂါမတိုင်ခင် စီးပွားရေးတိုးတက်မှု အခြေအနေ ပြန်မရောက် နိုင်သေးတဲ့ တစ်ခုတည်းသော နိုင်ငံဟာလည်း မြန်မာနိုင်ငံဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်က သတိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ