ကျုံဒိုး၊ ဧပြီ ၂၀

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့ဝင်ရှိ စစ်ကောင်စီရဲ့ ခမရ ၅၄၅ တပ်ရင်းကို ဧပြီ ၁၉ ရက်နေ့ မနက်ပိုင်းကစပြီး တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

အဲဒီ ခမရ ၅၄၅ တပ်ရင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF အပါအ ဝင် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် နှစ်ဖက်တိုက် ပွဲပြင်းထန်ခဲ့တာပါ။

တိုက်ပွဲအတွင်း ကျုံဒိုးမြို့ပတ်ဝန်းကျင်နေရာတွေဖြစ်တဲ့ ကျုံဒိုးချောင်းဖျား၊ ငါးတိုင်၊ ရေပူစတဲ့ ကျေးရွာတဝိုက်မှာ စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်မှုတွေ လုပ်ဆောင်နေတဲ့အတွက် ဒေ သခံပြည်သူတွေ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ကျုံဒိုးမြို့မှာ စစ်ကောင်စီ ခမရ ၅၄၅၊ ခမရ ၅၄၆ တပ်ရင်းနဲ့ ဗျူဟာကုန်းတို့ ရှိနေပြီး အဲဒီတပ်ရင်းတွေဟာ အမှတ်(၁၂) စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ် တပ်ရင်းတွေ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်နေ့ကလည်း ဘားအံကနေ မြဝတီဘက်ကို စစ်ကူသွားမယ့် စစ်ကောင်စီ တပ်မ ၅၅ စစ်ယာဉ်တန်းအများအပြားဟာ ကရင်ပြည်နယ် ကျုံဒိုးမြို့ကို ဝင်ရောက်လာခဲ့ပြီး ကျုံဒိုးကနေတစ်ဆင့် မြပတိုင်နဲ့ ကော့ကရိတ်မြို့ဘက်ကို စစ်ကူသွားရောက်ခဲ့တာ ဖြစ်ပါတယ်။

တပ်မ ၅၅ စစ်ကြောင်းဟာ ဘားအံကနေ ကျုံဒိုး၊ ကော့ကရိတ်ကို ရောက်လာချိန်မှာ တော်လှန်ရေးအင်အားစုအဖွဲ့တွေက ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီစစ်ကူ ထိခိုက်မှုတွေရှိခဲ့ပြီး စစ်ကောင်စီကလည်း လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တာတွေ အဆက်မပြတ် လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ တပ်မ ၅၅ စစ်ကူစစ်ကြောင်းဟာ ကျုံဒိုးနယ်တစ်ဝိုက်နဲ့ ကော့ကရိတ်မြို့ အာရှလမ်းမအနီးရှိ ကော့နွဲ့တတန်ကူးကျေးရွာတွေမှာ ရောက်ရှိနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကနေ သိရပါတယ်။

KNLAပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ထားတဲ့ မြဝတီမြို့ကို ပြန်လည်ရရှိဖို့အတွက် စစ်ကောင်စီဟာ နိုင်ငံတော်အဆင့် စစ်ဆင်ရေးတစ်ရပ်ကို ဖော်ဆောင်နေပြီး ချီတက်ရာလမ်းကြောင်းတစ်လျှောက်မှာ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်နေတယ်လို့ KNU ကလည်း ထုတ်ပြန်ထားပါတယ်။

ဧပြီ ၁၈ ရက်နေ့ကလည်း ကော့ကရိတ်မြို့ တောင်ဘက်ရှိ ကျေးရွာတွေအပေါ် စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မြို့ဟောင်းကျေးရွာရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းအပေါ် ဗုံးသီးကျရောက်ပေါက်ကွဲခဲ့ပြီး သံဃာတစ်ပါး ပျံလွန်တော်မူကာ ဒေသခံ ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ က ရင်အရပ်ဘက်အဖွဲ့တွေဆီကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.