ကျိုက်ထို၊ ဧပြီ ၂၀

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာနဲ့လက်ပံပင်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်စွဲထားတဲ့ စခန်း ၃ ခုကို ဒရုန်းတွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF က ဧပြီ ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ အင်္ဂဘိုတာဝါတိုင်ကုန်း၊ ရှော်နီကုန်း၊ လက်ပံပင်သချိုင်းတို့ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံး ၆ လုံးကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတာတွေရှိကြောင်း ကြားသိရပေမယ့် အရေအတွက်အတိအကျ ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ KRF ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒရုန်းနဲ့တိုက်ခိုက်မှုပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တာတွေရှိပေမယ့် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက အထိအခိုက်မရှိဘဲ ပြန် လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်စွဲထားတဲ့ စခန်းတွေဟာ နေ့စဉ်နဲ့အမျှ အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေထဲကို လက်နက်ကြီးပစ်ခတ်မှုတွေ ကျူးလွန်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အဲဒီစခန်းတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီယာဉ်တန်းတွေ တိုက်ခိုက်မခံရ အောင် စစ်ကောင်စီဘက်က လာရောက်တပ်စွဲထားတဲ့ စခန်းတွေလည်း ဖြစ်ပါတယ်။

KRF ပူးပေါင်းတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ဧပြီ ၉ ရက်နေ့ကလည်း ပဲခူးတိုင်းကနေ မွန်ပြည်နယ်ထဲ ဝင်ရောက်လာတဲ့ ကား ၁၈ စီးပါ စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကားသုံးစီးပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KRF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.