ရေး၊ ဧပြီ ၁၈

မွန်ပြည်နယ် ရေးမြို့နယ် ကိုးမိုင်ကျေးရွာအခြေစိုက် ခလရ ၂၉၉ တပ်ရင်းနဲ့ မလွှဲတောင်စစ်ဆေးရေးဂိတ် ဝင်ရောက်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့တယ်လို့ တော်လှန် ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်မှာ စစ်ကောင်စီရဲ့ ခလရ ၂၉၉ တပ်ရင်းကို လက်နက်ကြီး ၁၇ လုံး၊ ဒရုန်းဗုံးအလုံး ၈၀ ကြဲချတိုက်ခိုက်ခဲ့ပြီးနောက် တပ်ရင်းအတွင်းထိ ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အချိန် ၂ နာရီကျော်ကြာမြင့်ခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးနဲ့အဆက်မပြတ် ကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ပြန်လည်ဆုတ်ခွာခဲ့ရတာပါ။

အဲဒီနေ့ မနက် ၁၀ နာရီအချိန်ခန့်မှာလည်း မွန်ပြည်နယ်နဲ့တနင်္သာရီနယ်စပ်ရှိ စစ်ကောင်စီရဲ့ မလွှဲတောင် စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးအင်အားစုးပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီး ၁၅ လုံးထပ်မံကြဲချတိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဘက် ဗိုလ်တစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သလို PDF ဘက်က စနိုက်ပါတာဝန်ခံတစ်ဦး ကျဆုံးပြီး ရဲဘော် ၂ ဦးဒဏ်ရာရရှိ ခဲ့တယ်လို သိရှိရပါတယ်။

တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီဘက်မှ K – 8W Jet Fighter လေယာဉ် ၂စီး ၊ Mi-35 ၁စီး ၊ Y-12 ၁စီး စုစုပေါင်း လေယာဉ် ၄ စီး အသုံးပြုကာ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကိုးမိုင်ကျေးရွာအနီးရှိ ဘုန်းကြီးကျောင်းနဲ့ေ နအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MSRF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.