ထားဝယ်၊ ဧပြီ ၁၈

ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေ ဘိတ်−ထားဝယ်ခရိုင်အတွင်း စစ်ကောင်စီရဲ့ ခလရ ၁၀၃ တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဟိန်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦး လက်နက်ချအညံ့ခံခဲ့တယ်လို့ KNU ဗဟိုက ဧပြီ ၁၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ခလရ ၁၀၃ တပ်ရင်းမှ တပ်ဖွဲ့ဝင်တွေဟာ သူတို့တပ်စခန်းကနေ စွန့်ခွာပြီး ထီးထာ့ဗျူဟာသို့ ပြန် လည်ပူးပေါင်းဖို့ ပြန်လာတဲ့လမ်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မ ဟာ အမှတ် (၄) ကနေ မောထာဒေသနဲ့ ထီးထာကြားမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။

ကြားဖြတ်တိုက်ခိုက်ခံမှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးပြီးနောက် ကျန်တပ်ဖွဲ့ဝင်တွေ လက်နက်ချအညံ့ခံခဲ့ပြီး လက်နက်ကြီးလက်နက်ငယ် ၆၇ လက် သိမ်းဆည်းရမိခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လက်နက်ချအညံ့ခံလာတဲ့ ခလရ ၁၀၃ တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဟိန်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦးကို KNU ဘိတ်−ထားဝယ်ခရိုင် တာဝန်ရှိသူတွေကနေ နိုင်ငံတကာ လက်နက်ချခြင်းဆိုင်ရာ ဥပဒေနဲ့အညီထိန်းသိမ်း စောင့်ရှောက်ထားတယ်လို့ အသိပေးထားပါတယ်။

ခလရ ၁၀၃ တပ်ရင်းက တပ်ဖွဲ့ဝင်တွေ လက်နက်ချအညံ့ခံသွားတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က လက်ရှိအချိန်အထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့ ဧပြီ ၅ ရက်နေ့ကလည်း ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ စစ်ကောင်စီရဲ့ သင်္ဃန်းညီနောင်စစ်ဗျူဟာက ဗျူဟာမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တပ်မိသားစုဝင် ၆၀၀ ကျော် လက်နက် ချအညံ့ခံခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.