မော်လမြိုင်၊ဧပြီ ၁၆

ထိုင်းနိုင်ငံအတွင်းရောက်ရှိနေတဲ့ မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်မပို့ရေး ထိုင်းလူ့အခွင့်အရေး အဖွဲ့တွေနဲ့ ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင်အပြင် လွှတ်တော်က တောင်းဆိုလိုက်ပါ တယ်။

လွန်ခဲ့တဲ့ မတ်လ ၁၂ ရက်နေ့က ထိုင်းနိုင်ငံအလယ်ပိုင်းမှာရှိတဲ့ စာသင်ကျောင်းတစ်ကျောင်းက အသက် ၅ နှစ်ကနေ ၁၇ နှစ်အရွယ် မြန်မာကလေး ၁၉ ဦးကို ထိုင်းလူဝင်မှုကြီးကြပ်ရေးနဲ့ လူမှု ဖူလုံရေး အရာရှိတွေက သူတို့ရဲ့ မိဘတွေမပါဘဲ နယ်စပ်ကိုခေါ်ဆောင်လာပြီး မြန်မာနိင်ငံကို ပြန်ပို့ဖို့ လုပ်ဆောင်ခဲ့တာပါ။

အဲဒီကလေး ၁၉ ဦးကိုမြန်မာနိုင်ငံသို့ အတင်းအကျပ်ပြန်မလွှတ်ရေး ဆုံးဖြတ်ချက်မှာ မြန်မာ ဒုက္ခ သည်အားလုံးပါဝင်တဲ့အထိ တိုးချဲ့သင့်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က တိုက်တွန်းထားပါတယ်။

လူ့အခွင့်အရေးအဖွဲ့တွေရဲ့ တောင်းဆိုမှုကြောင့် သက်ဆိုင်ရာအာဏာပိုင်တွေက ကလေးတွေကို ပြန်မပို့တော့ဘဲ ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်ပြုလိုက်တဲ့အတွက် အစိုးရရဲ့ ကိုယ်ချင်းစာတရားနဲ့ ကူညီမှုကို ဖော်ပြရာရောက်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ အာရှညွှန်ကြားရေးမှူး ပီယာဆင်က ပြောခဲ့ပါတယ်။

ဒါ့အပြင် အစိုးရအနေနဲ့ မြန်မာဒုက္ခသည်အားလုံးကို အတင်းအကျပ်ပြန်ပို့ဆောင်မှုရပ်တန့်ရေး လည်းလုပ်ဆောင်ရမှာဖြစ်တယ်လို့သူက ပြောပါသေးတယ်။

အထောက်အထားမရှိတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းအစိုးရက ပြန်လည်ပို့ဆောင်တာတွေလုပ် ဆောင်နေတဲ့အတွက် လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။

ထိုင်းနိုင်ငံဟာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးထား တဲ့ နိုင်ငံမဟုတ်တဲ့အတွက် ဒုက္ခသည်နဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို တန်းတူဆက်ဆံတာတွေရှိ နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကတော့ မြန်မာနိုင်ငံကထွက်ပြေးလာတဲ့ စစ်ပြေးဒုက္ခသည် တစ်သိန်းလောက်ကို ထိုင်းနိုင်ငံမှာ လက်ခံနေရာချထားပေးဖို့ ကြိုတင်ပြင်ဆင်ထားတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပမ်ပရီက သတင်းထောက်တွေကို ပြောထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-AP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.