မော်လမြိုင် ၊ ဧပြီ ၁၅

၅ ရက်ကြာ ဖမ်းဆီးစစ်ဆေးခံရပြီးနောက် မွန်ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဌဟောင်း ဒေါက်တာ အောင်နိုင်ဦးဟာ ဒီနေ့ ဧပြီ ၁၅ ရက်နေ့ မနက်ပိုင်းမှာ ပြန်လည်လွတ်မြောက်လာပြီလို့ မိသားစုနဲ့နီးစပ်သူတွေထံက သိရပါတယ်။

ဒေါက်တာအောင်နိုင်ဦးဟာ ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်နေ့က ကျိုက်မရောမြိုနယ် ဂျိုင်းမြစ်ဒေသတွင်းရှိ စစ်ရှောင်ပြည်သူတွေကို လူသားချင်းစာနာမှုအကူအညီတွေ သွားရောက်ပို့ဆောင်ဖို့သွားစဉ် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပါတယ်။

အဲဒီနောက် စစ်ကောင်စီဟာ ဒေါက်တာအောင်နိုင်ဦးကို အတိုက်အခံအဖွဲ့အစည်းတွေကို ထောက်ပို့လုပ်ဆောင်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ဖမ်းဆီးပြီး မော်လမြိုင်မြို့မရဲစခန်းမှာ ၅ ရက်ကြာ စစ်ဆေးခဲ့တာပါ။

ပြန်လည်လွတ်မြောက်လာတဲ့ ဒေါက်တာအောင်နိုင်ဦးက “အိမ်ကိုချောမွေ့စွာပြန်ရောက်ပါပြီ။သက်ဆိုင်ရာရဲ့ စစ်ဆေးမှုကို ကောင်းစွာခံယူပြီးတဲ့နောက် အပြစ်မရှိတဲ့အတွက် ဒီနေ့မနက်အိမ်ကို ပြန်ခွင့်ရခဲ့ပါတယ်။ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးတင်ပါတယ်”လို့ သူရဲ့ လူမှုကွန်ရက်စာမျက်မှာ ရေးသားထားပါတယ်။

ဒေါက်တာ အောင်နိုင်ဦးဟာ ပြီးခဲ့တဲ့ ၂၀၁၀၊ ၂၀၁၅ နဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွေမှာ ချောင်းဆုံမဲဆန္ဒနယ်က‌နေ သုံးကြိမ်ဆက် အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး NLD အစိုးရလက်ထက်မှာ မွန်ပြည်နယ်လွှတ်‌‌တော် ဒုတိယဥက္ကဌ ဖြစ်လာခဲ့တာပါ။

စစ်အာဏာသိမ်းချိန်မှာတော့ ဒေါက်တာအောင်နိုင်ဦးဟာ မွန်ညီညွှတ်ရေးပါတီ MUP ကနေ နုတ်ထွက်ပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ဒေါက်တာအောင်နိုင်ဦး FB

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.