ကျိုက်မရော ၊ ဧပြီ ၁၄

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ဂျိုင်းမြစ်ဒေသရှိ သံကလောင်ကျေး ရွာက ကျောင်းထိုင်ဆရာတော်ကို စစ်ကောင်စီတပ် သေနတ်နဲ့ ပစ်ခတ်မှုကြောင့် ပျံလွန်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီကနေ့ ဧပြီ ၁၄ ရက်နေ့ နေ့လည်ပိုင်းမှာ ကျောင်း ထိုင်ဆရာတော်ဟာ ဒါယကာတစ်ဦးနဲ့အတူ ကျောင်းအတွက် လိုအပ်တဲ့ ပစ္စည်းတွေဝယ်ဖို့ ကားနဲ့ ထွက်လာရင်း တရနာရွာပြင် ကျွန်းကုန်းအရောက်မှာ စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့တာပါ။

“ကြားတာတော့ ဆရာတော်က ကျောင်းအတွက် ဈေးသွားဝယ်တာ။ ကျောင်းမှာ စစ်ရှောင်တွေ ရှိနေတာ။ ဈေးသွားဝယ်တဲ့အချိန်မှာ ကျွန်းကုန်းအထွက်မှာ သေနတ်နဲ့ပစ်ခံလိုက်ရတာ။ ကယ်ဆယ်ရေးလည်း ဘယ်သူမှ လာမရဲဘူး။ ဖြစ်တဲ့အချိန်မှာ (ဆေးရုံ) သွားပို့တဲ့သူမရှိတော့ လမ်းတစ်ဝက်မှာ ဆုံးသွားတာပေါ့။ ကျွန်တော်ကြားတဲ့အချိန်က ၁၂ နာရီ ဝန်းကျင်လောက်ပဲ”လို့ ဆိုပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ ကျောင်းထိုင်ဆရာတော် သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ နေရာတဝိုက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲနေထိုင်နေတယ်လို့ သိရပါတယ်။

ပျံလွန်သွားတဲ့ ဆရာတော်ဟာ သံကလောင်ကျေးရွာ ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော် အရှင်ဝါ ယာမဖြစ်ပြီး သက်တော် ၆၀ ဝန်းကျင်ရှိပြီး ဆရာတော်နဲ့အတူ ပါလာတဲ့ ဒါယကာဖြစ်သူမှာလည်း ထိခိုက်ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ မွန်အသိုင်းအဝိုင်းကနေ သိရပါတယ်။

သံကလောင်ရွာဟာ နေအိမ် ၃၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရတဲ့ ဓမ္မသရွာနဲ့ တရနာကျေးရွာကြားမှာ ရှိနေပြီး ပြီးခဲ့တဲ့ မတ် ၃၀ ရက်နေ့ကလည်း ရွာပြင်စိုက်ခင်းမှာနေတဲ့ သက်ကြီးပိုင်း အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ပစ်သတ်ခဲ့ပါသေးတယ်။

ဂျိုင်းမြစ်ဒေသ တောင်ဘက်မှာရှိတဲ့ ကော့ဘိန်းရဲစခန်းသိမ်းပိုက်ခံရပြီးနောက်ပိုင်း စစ်ကောင်စီဟာ ရမ္မဝတီကားလမ်းတစ်လျှောက်ရှိ ကော့သပ်၊ကော့စွယ်၊တရနာ၊သံကလောင်ကျေးရွာအထိ စစ်ကြောင်းထိုးပြီး တပ်စွဲထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.