မောင်တော၊ ဧပြီ ၁၃

ရခိုင်ပြည်နယ် မောင်တောမြို့ရှိ စစ်ကောင်စီရဲ့ လက်ကျန်စခန်းတစ်ခုဖြစ်တဲ့ ကြိမ်ချောင်းဗျူဟာစခန်းကြီးကို အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီလို့ ရက္ခိုင့်တပ်တော် AA က ဧပြီ ၁၂ ရက်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

ကြိမ်ချောင်းဗျူဟာစခန်းကြီးကို ရက္ခိုင့်တပ်တော် AA က လနဲ့ချီ ဝန်းရံပိတ်ဆို့ဖြတ်တောက်ထားပြီးနောက် မတ် ၂၃ ရက်နေ့စကလို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဧပြီ ၁၂ ရက်နေ့မှာ ဗျုဟာတစ်ခုလုံး အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာပါ။

ကြိမ်ချောင်းဗျူဟာစခန်းဟာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄၀၀ နီး ပါးနဲ့အတူ မိသားစုဝင် ၁၅၀နီးပါး နေထိုင်တဲ့ စခန်းကြီးတစ်ခုဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် AA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကြိမ်ချောင်းဗျူဟာစခန်းကို ဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး မင်းစိုး နဲ့ ဒုဗိုလ်မှူးကြီး ရဲမှူးကြီး ဝင်းမြင့်အောင်တို့ ဦးဆောင်ပြီး ရက္ခိုင့်တပ်တော် AA ရဲ့ ထိုးစစ်အား အသည်းအသန်ခုခံခဲ့တဲ့ ဗျူဟာစခန်းကြီးတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

ကြိမ်ချောင်းဗျူဟာ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းအမြောက်အမြား၊ သုံ့ပန်းတချို့အပါအဝင် မိသားစုဝင်တွေလည်း ဖမ်းဆီးရမိခဲ့သလို လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ရက္ခိုင့်တပ်တော် AA အနေနဲ့ ရခိုင်ပြည်နယ်အတွင်း လက်နက်ချအညံ့မခံသေးတဲ့ စစ်ကောင်စီရဲ့ နပခ၊ အမ်းဌာနချုပ်၊ ဘူးသီးတောင်၊ စကခ (၁၅) ဌာနချုပ်နဲ့တောင်ကုတ်၊ စကခ (၅) အပါအဝင် လက်ကျန်စခန်းတိုင်းကို တစ်ခုမကျန် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားမယ်လို့ အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.