ပေါင်၊ ဧပြီ ၁၃

မွန်ပြည်နယ် ပေါင်မြို့နယ် မွန်ညီညွတ်ရေးပါတီ ဥက္ကဋ္ဌ နိုင်ဘထောက်ဟာ ဒီနေ့ ဧပြီ ၁၃ ရက်နေ့ မ နက် ၆ နာရီခွဲအချိန်ခန့်မှာ သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပေါင်မြို့နယ် သဗြုချောင်ကျေးရွာနေ အသက် ၇၈ နှစ်အရွယ် နိုင်ဘထောက်ကို ဆိုင်ကယ်နှစ်စီးလာတဲ့ လူငယ် ၄ ဦးက နေအိမ်အရှေ့မှာပဲ သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်သွားတာပါ။

သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် နိုင်ဘထောက်ဟာ ဝမ်းဗိုက်နဲ့ချိုင်းတို့မှာ ကျည်ဖောက်ဝင်ဒဏ်ရာတွေရရှိပြီး အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

နိုင်ဘထောက် သေဆုံးမှုနဲ့ပတ်သက်ပြီး မွန်ညီညွတ်ရေးပါတီဗဟိုက လက်ရှိအချိန်အထိ တစ်စုံ တစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် သြဂုတ်လတုန်းကလည်း နိုင်ဘထောက်ရဲ့ သားဖြစ်သူ သဗြုချောင်အုပ်ချုပ်ရေးမှူး ဦးအောင်ငွေထွန်းဟာ ပေါင်မြို့နယ် ရင်းငြိမ်တောင်ကျေးရွာ ဘောလုံးကွင်းရှေ့မှာ သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

အလားတူ ဧပြီ ၇ ရက်နေ့ကလည်း ရေးမြို့နယ် ကော့ဒွတ်ကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းဖြစ်သူ ဦးအနိုင်သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-SBM

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.