မော်လမြိုင် ၊ ဧပြီ ၁၃

သင်္ကြန်ကာလအတွင်း မွန်ပြည်နယ်အတွင်းရှိ မွန်ပြည်သူလူထုတွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထောက်တိုင်တွေ ရှိတဲ့နေရာတွေမှာ အနီးကပ်သွားလာတာ မလုပ်ဖို့ ဒေသအခြေစိုက်တော်လှန်‌ရေးအဖွဲ့တွေက သတိပေးလာပါတယ်။

စစ်အာဏာသိမ်းမှု သုံးနှစ်ကျော်ကာလအတွင်း နိုင်ငံအနှံ့တိုက်ပွဲတွေ အရှိန်အဟုန်မြင့်တက်လာမှုနဲ့အတူ မွန်ပြည်နယ်မှာလည်း ဂျိုင်းမြစ်ဒေသအတွင်း စစ်မျက်နှာပြင်ဖြစ်လာပြီး ကျန်တဲ့ မြို့နယ်တွေနဲ့ ကျေးရွာဒေသတချို့မှာလည်း နှစ်ဘက်တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားလာနေတာပါ။

ဒါပေမယ့် စစ်ကောင်စီကတော့ တိုင်းပြည်ကို ဘာမှမဖြစ်တဲ့ ပုံစံမျိုးနဲ့ ရိုးရာသင်္ကြန်ပွဲတော်ကို စည် ကားအောင်ကျင်းပဖို့ ထိန်းချုပ်ထားတဲ့ တိုင်းနဲ့ပြည်နယ်ရှိ မြို့ကြီးတွေမှာ ဌာနဆိုင်ရာမဏ္ဍပ်တွေအ ပါအဝင် ဗဟိုအဆင့်နဲ့ မြို့နယ်အဆင့်မဏ္ဍပ်တွေ ဆောက်လုပ်ခိုင်းသလို လမ်းလျှောက်သင်္ကြန်လည်း နှစ်စဉ်ပြုလုပ်လာနေတာ ဖြစ်ပါတယ်။

မုဒုံမြို့နယ်မှာတော့ သင်္ကြန်ကာလအတွင်း ပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ ထောက်တိုင်တွေရှိတဲ့ အနီးနေရာတွေမှာ မနေကြဖို့ ၊ စစ်ကောင်စီကနေ ဆောင်လုပ်ထားတဲ့ သင်္ကြန်မဏ္ဍပ်တွေနဲ့ အဝေးဆုံးမှာ နေပေးကြဖို့ မုဒုံပြည်သူ့ကာကွယ်ရေးအဖွဲ့က ဧပြီ ၁၂ ရက်နေ့မှာ သတိပေးထုတ်ပြန်ပါတယ်။

မွန်ပြည်ကာကွယ်ရေးတပ် MSDF ရဲ့ တပ်မှူးဖြစ်တဲ့ ဒေါက်တာ သီရိမွန်ချမ်းကတော့ တစ်နိုင်ငံလုံးအနှံ့ လောင်ကျွမ်းနေတဲ့စစ်မီးဟာ မွန်ပြည်နယ်ကိုလည်း ကူးစက်လာပြီမို့ ပြည်သူတွေအနေနဲ့ သင်္ကြန်ကာလမှာ သတိဝိရိယရှိရှိ သွားလာနေထိုင်ကြဖို့ သတိပေးပါတယ်။

“အခုချိန်မှာ တစ်နိုင်ငံလုံးအနှံ့ လောင်ကျွမ်းနေတဲ့စစ်မီးက မိမိတို့ မွန်ပြည်ကိုလည်း ကူးစက်လာပြီမို့ မွန်ဒေသမှာလည်း ထိတွေ့ပစ်ခတ်မှုတွေ ကြိုကြားကြိုကြား ဖြစ်ပေါ်နေတယ်။ ဒီစစ်မီးက အရှိန်အ ဟုန်နဲ့ မွန်ပြည်နယ်ရှိ အခြားတိုက်ပွဲမဖြစ်သေးတဲ့ ဒေသတွေကိုလည်း ကူးစက်ပြန့်ပွားနိုင်တဲ့အနေ အထား နေ့တိုင်းလိုလို ရှိနေတယ်။ ဒါကြောင့်မို့ မွန်ပြည်သူပြည်သားတွေ ဒီသင်္ကြန်ကာလမှာ သတိဝိရိယရှိရှိနဲ့ သွားလာနေထိုင်ကြဖို့ သတိပေးတိုက်တွန်းချင်ပါတယ်”လို့ ဆိုပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်ကနေ နိုင်ငံ့အာဏာသိမ်းယူချိန်ကစပြီး စစ်ကောင်စီ ဦးဆောင်ကျင်းပခဲ့တဲ့ ရိုးရာသင်္ကြန်ပွဲတော်တွေမှာ သပိတ်မှောက်ဖို့ ပါဝင်ဆင်နွှဲတာမလုပ်ဖို့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ တော်လှန်ရေးအင်အားစုတွေက နှစ်စဉ်တိုက် တွန်းခဲ့ကြတာပါ။

သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက တိုက်ပွဲဟာ နေရာမရွေးအချိန်မရွေး ဖြစ်တတ်တာမို့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီအဖွဲ့တွေနဲ့ အနီးကပ်မနေကြဖို့ တိုက်တွန်းတာပါ။

“ပျော်တာလဲ ကြည့်ပျော်ကြပေါ့။ ကိုယ့်အသက်အန္တရာယ်လဲ ကိုယ်ဂရုစိုက်ကြပေါ့။ တိုက်ပွဲဆိုတာက နေရာနဲ့အချိန်မရွေးဘူးလေ။ အတတ်နိုင်ဆုံးတော့ ပြည်သူကို မထိခိုက်အောင် ရှောင်ပြီးလုပ်နေတာပါပဲ။ ပြည်သူတွေကလဲ ကျွန်တော်တို့ဘက်ကို ပြန်ကြည့်ပေးဖို့နဲ့ စစ်ကောင်စီအဖွဲ့တွေနဲ့ အနီး ကပ်မနေကြဖို့ အသိပေးတိုက်တွန်းချင်ပါတယ်”လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် သင်္ကြန်ပွဲတော်ကာလအတွင်း မွန်အပါအဝင် ရှမ်း၊ ကယား (ကရင်နီ)၊ ဧရာဝတီ၊ ပဲခူးနဲ့ စစ်ကိုင်းတို့မှာ စစ်ကောင်စီကြီးမှူးကျင်းပတဲ့ သင်္ကြန်မဏ္ဍပ်တွေနဲ့ အနီးအနားတွေမှာ အကြိုနေ့ကနေ အတက်နေ့အထိ ဗုံးပေါက်ကွဲမှုကြောင့် အရပ်သား ၅၀ ကျော် ဒဏ်ရာရပြီး ဒါဇင်ကျော် သေဆုံးခဲ့ရပါတယ်။

စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်နွှဲနေတဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA ကလည်း ရခိုင်မှာ စစ်ရေးပြင်းထန်နေတဲ့ကာလဖြစ်တဲ့အတွက် သင်္ကြန်ကာလအတွင်း မြို့ပြနဲ့ ကျေးလက်ဒေသတွေမှာ လူစုလူဝေးပြုလုပ်ပြီး ပျော်ပွဲရွှင်ပွဲတွေ မပြုလုပ်ကြဖို့ ဧပြီ ၁၁ ရက်နေ့မှာ ရခိုင်ပြည်သူတွေကို မေတ္တာရပ်ခံထားပါတယ်။

မွန်ပြည်နယ်မှာတော့သင်္ကြန်ပွဲတော်ကို ၂၀၂၀ ပြည့်နှစ်ကစတင်ပြီး ကိုဗစ်ကပ်ရောဂါကြောင့် မကျင်းပခဲ့သလို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၂၁ ၊ ၂၀၂၂ ၊ ၂၀၂၃ခုနှစ် သင်္ကြန်တွေမှာလည်း ပြည်သူအများစုပူးပေါင်းပါဝင်ခဲ့ခြင်း မရှိပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.