ရေး၊ ဧပြီ ၁၃

မွန်ပြည်နယ် ရေးမြို့နယ် ကိုးမိုင်ကျေးရွာအခြေစိုက် စစ်ကောင်စီရဲ့ အမှတ်၂၉၉ ခြေလျင်တပ်ရင်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်နေတဲ့အတွက် နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ရေးအခြေစိုက် ခလရ ၂၉၉ တပ်ရင်းကို ဧပြီ ၁၂ ရက်နေ့ မနက်အစောပိုင်းကစပြီး တော်လှန်ရေးအင်အားစုပူး ပေါင်းတပ်ဖွဲ့တွေ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် ခလရ ၂၉၉ တပ်ရင်းထဲမှာတော့ နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်ပြီး စစ်ကောင်စီဘက်ကလည်း လေယာဉ်နဲ့အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကိုးမိုင်ကျေးရွာအပါအဝင်အနီးပတ်ဝန်းကျင် ကျေးရွာတချို့မှာ မီးလောင်မှုတွေ ဖြစ်ပေါ်နေပြီး ဒေသခံတွေလည်း ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။

ခလရ ၂၉၉ တပ်ရင်း တိုက်ပွဲဟာ ဧပြီ၁၂ရက် နေ့လည် ၃ နာရီအချိန်အထိ နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီကလည်း တပ်ရင်းမကျရေးအတွက် လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မ ပြတ်လုပ်ဆောင်နေတာပါ။

နှစ်ဖက်တိုက်ပွဲကြောင့် ရေး-ထားဝယ်ကားလမ်းပိုင်းမှာ ခရီးသွားကားရာနဲ့ချီ ပိတ်မိနေပြီး အများစုကတော့ နောက်ကြောင်းပြန်လှည့်သွားကြပြီလို့ ခရီးသွားပြည်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အလားတူ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေဟာ ဒီနေ့မှာပဲ မွန်ပြည်နယ်နဲ့တနင်္သာရီနယ် စပ်က မလွှဲတောင်စစ်ဆေးရေးဂိတ်ကို ဝင်ရောက်သိမ်းပိုက်လိုက်ပြီလို့ သတင်းတွေထွက်ပေါ်နေပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

လက်ရှိတိုက်ပွဲနဲ့ပတ်သက်ပြီး စစ်ကောင်စီအပြင် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ရေးအခြေစိုက် ခလရ ၂၉၉ တပ်ရင်းဟာ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ကို ရှေ့တန်းပို့ဆောင်ခံထားရတဲ့ တပ်ရင်းဖြစ်ပြီး တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး နေလင်းထွန်းအပါအဝင်တပ်ဖွဲ့ဝင် အများအပြားကို ရက္ခိုင့်တပ်တော် AA က စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- MSRF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.