မော်လမြိုင် ၊ ဧပြီ ၁၃

တိုင်းပြည်မတည်ငြိမ်တွေကြောင့် မြန်မာနိုင်ငံဟာ စစ်တပ်အာဏာမသိမ်းခင်ကာလထက် ဆင်းရဲမွဲတေမှု နှစ်ဆနီးပါး တိုးလာတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် UNDP က ဧပြီ ၁၁ ရက်နေ့မှာ အစီရင်ခံစာထုတ်ပြန်ပါတယ်။

UNDP ရဲ့ အစီရင်ခံစာအရ အာဏာမသိမ်းခင် ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ဆင်းရဲမွဲတေမှုအနေနဲ့ ၂၄ ဒဿမ ၈ ရာခိုင်နှုန်း သာရှိခဲ့ရာမှ စစ်တပ်အာဏာသိမ်းထားတဲ့ ၂၀၂၃ ခုနှစ်မှာတော့ ၄၉ ဒဿမ ၇ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် နောက်ထပ် ၂၅ ရာခိုင်နှုန်းကလည်း စားဝတ်နေရေး အခြေခံလိုအပ်ချက်တွေကို ဖြည့် ဆည်းနိုင်ရုံသာရှိတဲ့အခြေအနေ ဖြစ်နေတာကြောင့် နိုင်ငံ့လူဦးရေရဲ့ ၇၆ ရာခိုင်နှုန်းလောက်ဟာ အညလွန်ထိခိုက်လွယ်တဲ့ အခြေအနေ ဖြစ်နေရတယ်လို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်း ၃ နှစ်တာကာလအတွင်းမှာ နိုင်ငံအနှံ့ မလုံခြုံတော့တာ၊ စစ်ရေးပဋိပက္ခ ဖြစ်နေတာနဲ့ ဆင်းရဲမွဲတေမှုတွေကြောင့် စီးပွားရေး အကျပ်အတည်း ကြုံတွေ့နေရတာ ဖြစ်တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြပါရှိပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကတော့ ဆင်းရဲမွဲတေမှုတွေ တိုးလာတာဟာ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပွားနေတဲ့ နယ်မြေမအေးချမ်းမှုတွေက အဓိကကျသလို နယ်မြေမအေးချမ်းတဲ့အတွက် စီးပွားရေးတွေကျုံ့လာကာ မပြိုလဲအောင် ထိန်းနေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဒါကတော့ နယ်မြေ မအေးချမ်းမှုကတော့ အဓိကဆိုင်တာပေါ့နော်။ နယ်မြေ မလုံခြုံတာရယ်၊ နောက်နယ်မြေ မလုံခြုံတဲ့အပေါ်မှာ စီးပွားရေးရဲ့ လှုပ်ရှားနိုင်တဲ့ ဧရိယာတွေကလည်း ကျုံ့တာပေါ့၊ ကျဉ်းသွားတာပေါ့။ လုပ်နိုင်သလောက် လုပ်လို့မရဘူးပေါ့။ လုပ်ချင်သလောက်လည်း လုပ်လို့မရတဲ့ အနေအထားတွေဖြစ်တဲ့အခါကျတော့ စီးပွားရေးတွေက ချဲ့ချင်သလောက်လည်း ချဲ့လို့မရဘူး၊ ရှိတဲ့ဟာကိုပဲ မပြိုအောင်ဘဲ ထိန်းသွားတဲ့အနေအထားတွေ များတာပေါ့”လို့ ဆိုပါတယ်။

UNDP ရဲ့ အဆိုအရ စစ်တပ်အာဏာသိမ်းထားတဲ့ ၃ နှစ်တာကာလအတွင်းမှာ လူလတ်တန်းစား ပမာဏ ၅၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားတယ်လို့လည်း အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

လူလတ်တန်းစားအလွှာဟာ အာဏာသိမ်းပြီးနောက်ပိုင်း လျင်လျင်မြန်မြန် လျော့ကျလာသလို ကျန်နေသေးတဲ့ လူလတ်တန်းစားတွေဟာဆိုရင်လည်း ဆင်းရဲမွဲတေမှု အောက်ရောက်မသွားအောင် ရုန်းကန်နေရတယ်လို့ ဖော်ပြထားပါတယ်။

ပြည်သူတစ်ဦးကတော့ စစ်ကောင်စီလက်ထက် ဒေသတွင်း စစ်ရေးအခြေအနေတွေကြောင့် ထမင်းပုံမှန်စားရဖို့အတွက်တောင် မိုးလင်းမိုးချုပ်အလုပ်လုပ်နေရပြီး ဆန်ကြမ်းလောက်ကိုပဲ စားနေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်မတို့ ဒေသတွင်းမှာ ဆင်းရဲမွဲတေမှုတွေ ပိုပြီးများသထက် များလာတယ်ပေါ့နော်။ စစ်ရေးတွေကလည်း မပြီးသေးတော့ ပိုပြီးတော့ ဆိုးလာတာပေါ့။ လမ်းပန်းတွေ ပိတ်ထားတော့လေ အဆင်မပြေမှုတွေကများတယ်။ ထမင်းတစ်နေ့ ပုံမှန်စားဖို့အတွက်ဆိုရင် မနက်မိုးလင်းကနေ မိုးချုပ်အလုပ်လုပ်နေရတယ်။ အလုပ်ကလည်း မရတစ်လှည့်၊ ရတစ်လှည့် ဖြစ်နေတယ်။ ခြိုးခြံပြီးတော့ ထမင်းကို ပုံမှန်စားရတယ်ဆိုပေမယ့် ဆန်ကြမ်းလောက်ကိုတောင်မှပဲ မနည်းပုံမှန်စားနေရတဲ့ ဘဝဖြစ်နေတယ်”လို့ ဆိုပါတယ်။

နိုင်ငံမှာ ဆင်းရဲမွဲတေမှုတွေ တိုးလာပေမယ့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့ လက်ထက်မှာ မြန်မာ့စီးပွားရေးပြန်လည်ဦးမော့လာပြီလို့ ပြီးခဲ့တဲ့ မတ် ၁၈ ရက်နေ့က ရုရှားမီဒီယာတစ်ခုနဲ့ တွေ့ ဆုံစဉ် ပြောဆိုခဲ့တာပါ။

UNDP ကတော့ မြန်မာနိုင်ငံဟာ တစ်ချိန်က အာရှပစိဖိတ်ဒေသတွင်းမှာ တိုးတက်မှု အမြန်ဆန်ဆုံး ဖြစ်ခဲ့ပေမယ့် ၂၀၂၁ ခုနှစ်မှာ ကိုဗစ်ကပ်ရောဂါနောက်ပိုင်း နိုင်ငံရဲ့ GDP ၁၈ ရာခိုင်နှုန်း နီးပါး ကျုံ့သွားခဲ့ပြီး နာလန်မထူနိုင်သေးခင်မှာဘဲ စစ်အာဏာသိမ်းမှုကြောင့် ၃ နှစ်ဆက်တိုက် စီးပွားရေးကျဆင်းခဲ့ရတယ်လို့ ဆိုထားပါတယ်။

ကမ္ဘာ့ဘဏ်ကလည်း အာဏာသိမ်းမှုကြောင့် မြန်မာ့စီးပွားရေး အခြေအနေဟာ တိုးတက်မှုနှုန်း အားတက်စရာမရှိဘဲ ကျဆင်းနေဦးမှာဖြစ်ပြီး လာမယ့် ၂၀၂၅ ခုနှစ်အထိ မရေရာ မသေချာသေးဘူးလို့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.