လောင်းလုံး၊ ဧပြီ ၁၁

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာရှိ စစ်ကောင်စီနဲ့ ပျူစောထီးပူးပေါင်းတပ်စခန်း စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၉ ရက် မနက် ၁၀ နာရီအချိန်ခန့်က အင်အား ၂၅ ဝန်းကျင်နဲ့ ကျောက်နီမော်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးပူးပေါင်းတပ်စခန်းကို လောင်းလုံးပကဖအဖွဲ့က စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

စနိုက်ပါနဲ့ပစ်ခတ်ခံရတာကြောင့် စခန်းအတွင်းရှိ စစ်ကောင်စီတပ်သားတစ်ဦး ထိမှန်သေဆုံးခဲ့သလို ပျူစောထီးတစ်ဦး လက်မောင်းထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကျောက်နီမော်ကျေးရွာရှိ ပျူစောထီးစခန်းဟာ တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ခိုက်မှုကို မ ကြာခဏခံနေရ တာကြောင့် မနေ့ညပိုင်းမှာ အင်အား ၅၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီတပ်က ရေ လမ်းကတစ်ဆင့် အဲဒီစခန်းမှာ အင်အားဖြည့်ထားလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ် ၃ ရက်နေ့ကလည်း ကျောက်နီမော်ကျေးရွာရှိ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – LLPDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.