ရန်ကုန် ၊ ဧပြီ ၁၁

အမျိုးသားညီညွတ်‌ရေးအစိုးရ NUG အနေနဲ့ နိုင်ငံရေးမူဝါဒဆိုင်ရာကိစ္စရပ်တွေမှာ အမျိုးသားညီ ညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ကို ဆွေးနွေးတိုင်ပင်မှုမရှိဘဲ မလုပ်ဖို့ ပြည်သူ့ညီလာခံကနေ အကြံပြုချမှတ်ခဲ့တယ်လို့ NUCC က ထုတ်ပြန်ပါတယ်။

နှစ်နှစ်ကျော်အကြာမှာ ပြန်လည်ကျင်းပနိုင်ခဲ့တဲ့ ဒုတိယကြိမ် ပြည်သူ့ညီလာခံကနေ ချမှတ်ခဲ့တဲ့ အချက် ၂၁ ချက်ထဲမှာ NUCC နဲ့ NUG တို့က ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နဲ့အညီ လိုက်နာအ ကောင်အထည်ဖော်ဖို့ အဆိုပြုချက်နဲ့ အကြံပြုချက်တွေကို NUCC က မှတ်တမ်းတင် ဖော်ပြလာတာပါ။

အဲဒီထဲမှာ တရုတ်နိုင်ငံဆိုင်ရာ မူဝါဒထုတ်ပြန်မှု၊ ဘုံနိုင်ငံရေးရပ်တည်ချက်သဘောထား ပူးတွဲထုတ်ပြန်မှု၊ FSCC ဖွဲ့စည်းမှုတွေလိုမျိုး နိုင်ငံရေးမူဝါဒဆိုင်ရာ ကိစ္စရပ်တွေ ဆောင်ရွက်ရာမှာ NUG က ပြည်သူ့ညီလာခံကို ကိုယ်စားပြုထားတဲ့ NUCC ကို တိုင်ပင်ဆွေးနွေးတာ မရှိဘူးလို့ ဆိုပါတယ်။

အခုလို လုပ်ဆောင်ခဲ့တာဟာ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် ပြဌာန်းချက်တွေကို ချိုးဖောက်ကျော်လွန် လုပ်ဆောင်ခဲ့တဲ့အတွက် ထပ်မံလုပ်ဆောင်တာတွေ မပြုလုပ်ဖို့ ပြည်သူ့ညီလာခံကနေ အဆို ပြုချက် အကြံပြုချက်အဖြစ် ချမှတ်ခဲ့တာပါ။

ပြည်သူ့ညီလာခံ ကျင်းပရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူ ကိုမိုဃ်းသွေးက NUG နဲ့ NUCC ကြား မှာ လိုအပ်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ထုံးလုပ်နည်းသတ်မှတ်မှုတွေကို ဆက်ပြီးလုပ်သွားကြမှာဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“NUG နဲ့ NUCC ကြားထဲမှာ ဆက်သွယ်ဆက်ဆံမှုတွေ ပူးပေါင်းလုပ်ဆောင်မှုတွေ ပိုမိုအားကောင်းအောင် လုပ်ဆောင်သွားမယ်ဆိုပြီး ဖော်ပြထားတဲ့ အကြံပြုချက်လည်း ပါပါတယ်ဗျ။ ဒါ့အပြင် NUG နဲ့ NUCC ကြားမှာလည်း လိုအပ်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ သတ်မှတ်မှုတွေကိုလည်း ဆက်ပြီးလုပ်သွားကြမှာဖြစ်ပါတယ်။ ဆိုတော့ ဒါကကျွန်တော်တို့ နိုင်ငံရေးပြဿနာမဟုတ်ပါဘူး။ လုပ်ထုံးလုပ်နည်းဆိုင်ရာ လွဲချော်မှုတွေကို ပြန်လည်တည့်မတ်ဖို့ ကြိုးစားကြတာပဲ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

ညီလာခံကနေ အကြံပြုချက်တွေထဲမှာ တော်လှန်ရေးရဲ့ ဖြစ်ပေါ်နေတဲ့ တိုးတက်မှုတွေနဲ့အညီ နိုင်ငံ ရေးဦးဆောင်မှု ပိုမိုအားကောင်းလာစေရေး NUG နဲ့ NUCC တို့ကို ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နဲ့အညီ ပြန်သုံးသပ်ပြီး ပြင်ဆင်ဖွဲ့စည်းဖို့ ပါပါတယ်။

NUG အနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် ပြဌာန်းချက်တွေအတိုင်း တိကျစွာလိုက်နာပြီး NUCC ရဲ့ နိုင်ငံရေးဦးဆောင်မှုနဲ့ ထိန်းကျောင်းမှုတွေကို လေးစားလိုက်နာဆောင်ရွက်ဖို့နဲ့ ရိုဟင်ဂျာလူမျိုးများဆိုင်ရာ မူဝါဒအမြန်ဆုံးထွက်ပေါ်လာစေရေးအတွက် ဆက်လက်ရေးဆွဲဖို့ ဖြစ်ပါတယ်။

ဒါ့အပြင် တိုင်းရင်းသားပြည်သူတွေနဲ့ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုအပါအဝင် အစိုးရခေတ်အဆက်ဆက်က ကျူးလွန်ခဲ့တဲ့ အနိုင်ကျင့် ဖိနှိပ်ညှင်းပန်းမှုတွေအားလုံးအတွက် NUCC နဲ့ NUG တို့ ဦးဆောင်ပြီး နိုင်ငံတော်အဆင့် ဝန်ချတောင်းပန်မှုတွေ ပြုလုပ်ဖို့ ချမှတ်ထားတာပါ။

NUCC အနေနဲ့လည်း ဘုံနိုင်ငံရေးသဘောတူညီမှုတွေ ရရှိနိုင်ရေးအတွက် တော်လှန်ရေးအင်အားစုတွေအားလုံးနဲ့ ထိတွေ့ဆွေးနွေးမှုတွေကို အမြန်ဆုံးစတင်လုပ်ဆောင်သွားဖို့နဲ့ NUCC မှာ ပါဝင်ခြင်းမရှိသေးတဲ့ နိုင်ငံရေး၊ တော်လှန်ရေးအင်အားစုတွေနဲ့ လိုက်လံဆွေးနွေးဖို့လည်း အကြုံပြုထားပါတယ်။

တစ်ဘက်မှာ ပြည်ထောင်စုရဲ့ စုဖွဲ့မှုကို ရှင်းလင်းစွာ ဆွေးနွေးဖို့ နဲ့ ဗမာပြည်နယ်ဖွဲ့စည်းရေးကိစ္စအပါအဝင် ပြည်နယ်သစ်တွေ ပေါ်ထွန်းရေးဆိုင်ရာ အခြေခံမူတွေ ချမှတ်ဖို့ နွေဦးတော်လှန်ရေးကာလ ဒုတိယကြိမ် ပြည်သူ့ ညီလာခံကနေ ချမှတ်ထားတာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ကနေ ဦးဆောင်ပြီး နွေဦးတော်လှန်ရေးကာလ ဒုတိယအကြိမ် ပြည်သူ့ ညီလာခံကို ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ ပြဌာန်းချက်တွေနဲ့အညီ ၂၀၂၄ ခုနှစ် ဧပြီ ၄ ရက်နေ့ကစပြီး ၉ ရက်နေ့အထိ ၆ ရက်တာ ကျင်းပခဲ့ပါတယ်။

ပြည်သူ့ညီလာခံကျင်းပနေစဉ်အတွင်း ပါဝင်တဲ့အစုအဖွဲ့တွေရဲ့ သဘောထားမတိုက်ဆိုင်မှုတွေကြောင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့က ညီလာခံငါးရက်မြောက်နေ့ကစပြီး တက်ရောက်ခြင်း မရှိခဲ့ပါဘူး။

ဒါပေမယ့် လေးရက်မြောက်နေ့မှာ CRPH ပါဝင်တက်ရောက်ခဲ့တဲ့ ပြောဆိုဆွေးနွေးချက်တွေကိုပဲ အချောသတ် ဆွေးနွေးတာဖြစ်လို့ ပြည်သူ့ညီလာခံရဲ့ လုပ်ဆောင်မှုတွေ ရပ်တန့်သွားခြင်း မရှိခဲ့သလို CRPH ကလည်း ညီလာခံကို သပိတ်မှောက်တာမျိုးမရှိဘူးလို့ ကိုမိုဃ်းသွေးက ပြောပါတယ်။

“ညီလာခံကနေ နုတ်ထွက်တာ ဒါမှမဟုတ် ညီလာခံကို သပိတ်မှောက်တာမျိူး မရှိပါဘူး။ ညီလာခံတက်ရောက်ဖို့ အဆင်မပြေလို့ ဆက်ပြီးမတက်ရောက်တော့တာ ဖြစ်ပါတယ်။ ဒါက အ‌ရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ ဒါကြောင့်မို့ သက်ရောက်မှုအနေနဲ့ဆို ဒီညီလာခံအပြီး ကျွန်တော်တို့ အချင်း ချင်း ပြန်လည်ဆွေးနွေးရမယ်။ ညီလာခံကျင်းပရေးကော်မတီကနေပြီးတော့ ညီလာခံနဲ့ပတ်သက်လို့ ဖြစ်ပေါ်ခဲ့တဲ့ ချို့ယွင်းချက်အားနည်းချက်တွေကို တာဝန်ယူရမယ် တာဝန်ခံရမယ်”လို့ ဆိုပါတယ်။

CRPH ကနေ ဧပြီ ၈ ရက်နေ့မှာ ပြည်သူ့ညီလာခံကျင်းပရေးကော်မတီကို ပေးပို့ခဲ့တဲ့ အကြောင်း ကြားစာအရ ညီလာခံမှာ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း ၂ ပါ ပြဌာန်းချက်တွေနဲ့ ကြိုတင်ဖြန့်ဝေထားတဲ့ အစီအစဉ်တွေထက် ကျော်လွန်ပြီး ဆွေးနွေးဆုံးဖြတ်အတည်ပြုချက်ရယူဖို့ လုပ်ဆောင်မှုတွေ ရှိလာတာအပါအဝင် အချက် ၅ ချက်ပါ ကိစ္စရပ်တွေကြောင့် ညီလာခံမတက်ရောက်တာလို့ ဖော်ပြထားပါတယ်။

ဒုတိယကြိမ် ပြည်သူ့ညီလာခံမှာ CRPH အပါအဝင် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေ၊ နွေဦးတော်လှန်ရေး အင်အားစုတွေက ကိုယ်စားလှယ်တွေ၊ EAO ကိုယ်စားလှယ်တွေ၊ ကြားကာလ ပြည်နယ်/ဖက်ဒရယ်ယူနစ် ကောင်စီတွေက ကိုယ်စားလှယ်တွေ၊ အထူးဖိတ်ကြားထားသူနဲ့ လေ့လာသူ စုစုပေါင်း ၄၃၀ ကျော် တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.