မော်လမြိုင် ၊ ဧပြီ ၁၁
ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ မြဝတီမြို့ မကျရေးအတွက် ဒုစစ်ခေါင်းဆောင် ဒုတိ ယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကိုယ်တိုင် တိုက်ရိုက်ညွှန်ကြားနေတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒုစစ်ခေါင်းဆောင်ဟာ မြဝတီမြို့ မကျရေးအတွက် မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်းစစ် ဌာနချုပ် (ရတခ) မှာ ကိုယ်တိုင်ရုံးထိုင်ပြီး စစ်ဆင်ရေးကို အဓိကကိုင်တွယ်နေတယ်လို့ ဆိုပါတယ်။
ဒုစစ်ခေါင်းဆောင် ရုံးထိုင်နေတဲ့ ရတခစစ်ဌာနချုပ်ကို ပြီးခဲ့တဲ့ ဧပြီ ၈ ရက်နေ့နဲ့ ၉ ရက်နေ့အထိ နှစ်ရက်တိုက် တော်လှန်ရေးအင်အားစုးပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။
ဒါပေမယ့် ဒုစစ်ခေါင်းဆောင်ကတော့ ဒီနေ့ ဧပြီ ၁၀ ရက်နေ့အထိ ရတခစစ်ဌာနချုပ်ထဲမှာပဲ ဆက်ရှိနေပြီး မြဝတီစစ်ဆင်ရေးကို ကိုယ်တိုင်ညွှန်ကြားနေတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေရဲ့ ပြောပြချက်တွေအရ သိရှိရပါတယ်။
“ဒုချုပ်က ရတခမှာပဲ ရှိသေးတယ်။ မြဝတီရတဲ့အထိ ကွပ်ကဲမယ်လို့ ပြောတယ်။ သူထိရင် ဘယ် လိုလုပ်ပြီး ရတခထဲမှာနေပြီး ကွပ်ကဲတော့မလဲ ပြေးပြီးပေါ့။ အဲဒီလောက်မလွယ်ဘူးလားလို့။ အခုလောလောဆယ် သူကတိုင်းမှာပဲ ရှိသေးတယ်”လို့ အမည်မဖော်လိုတဲ့ တပ်တွင်းသတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။
ဒုစစ်ခေါင်းဆောင်ဟာ မြဝတီမြို့မကျရေးအတွက် နိုင်ငံအနှံ့တပ်တွေက ထုတ်နုတ်အင်အားတွေနဲ့ စစ်ကူအမြောက်အများ စေလွှတ်ခိုင်းထားသလို ဝေဟင်ကနေ ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ်လုပ်ဆောင်ဖို့ ညွှန်ကြားနေတယ်လို့ သိရပါတယ်။
တပ်တွင်းသတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ မြဝတီတိုက်ပွဲအတွက် စစ်ကူစစ်ကြောင်းတွေမှာ ရှမ်းပြည်နယ် ကလောမြို့အခြေစိုက် တပ်မ(၅၅)က တပ်ရင်းတွေ အများဆုံးပါဝင်ပြီး တင့်ကားတွေနဲ့ သံချပ်ကာကားတွေကိုပါ အသုံးပြုထားတယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ စစ်ကူစစ်ကြောင်းတွေဟာ လက်ရှိမှာတော့ ကျိုက်ထို၊ သထုံ၊ မော်လမြိုင်အပါအဝင် ဘားအံ မြို့တို့ကနေ မြဝတီမြို့ထံ ဆက်လက်ချီတက်လာတယ်လို့ ဒေသခံတွေနဲ့ စစ်မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU ပြောခွင့်ရ ပဒိုစောတောနီးက မြဝတီကို တိုက်ခိုက်သိမ်းပိုက်ပြီး အုပ်ချုပ်ရေးစနစ် အကောင်အထည် ဖော်ဆောင်သွားမယ်လို့ အခုရက်ပိုင်းအတွင်း အသိပေးပြောဆိုထားတာပါ။
မြဝတီမြို့သိမ်းတိုက်ပွဲကြောင့် ဒေသခံတွေဟာ ထိုင်းနိုင်ငံ မဲဆောက်မြို့ထဲ အလုံးအရင်းနဲ့ ဝင်ရောက်ခိုလှုံတာတွေရှိနေပြီး ထိုင်းစစ်တပ်ကလည်း နယ်စပ်တလျှောက် လုံခြုံရေးတိုးမြှင့်ထားတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI