ကျိုက်မရော၊ ဧပြီ ၁၁

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာထဲကို စစ်ကောင်စီတပ်ရဲ့ လေယာဉ်နဲ့ဗုံးကြဲတိုက် ခိုက်မှုကြောင့် မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP AD တပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့ရတယ်လို့ ပါတီဘက်က သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၈ ရက်နေ့က ဓမ္မသကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ မွန်ပြည်သစ် AD မဟာမိတ်ပူးပေါင်းတပ်တို့ကြား ကျေးရွာအပြင်ဘက်မှာ နေ့လည် ၂ နာရီကနေ ညနေ ၆ နာရီအချိန်အထိ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်တပ်ဟာ လေကြောင်း၊ ရေကြောင်းတွေနဲ့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့သလို ည ၉ နာရီအချိန်ခန့်မှာတော့ ဓမ္မသရွာတောင်ခြေ ဘုရားအနီးတဝိုက်ကို ပေါင် ၅၀၀ ဗုံးသုံးလုံးကြဲချ တိုက်ခိုက်သွားခဲ့တာပါ။

ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် မွန်ပြည်သစ်ပါတီ AD က ဒုဗိုလ်နိုင်ဦးနဲ့ တပ်ကြပ်ကြီး ဝဏ္ဏတို့နှစ်ဦး တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးလှူခဲ့ရပြီး တပ်ဖွဲ့ဝင်လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လတ်တလောမှာတော့ တရနာကျေးရွာအနီးပတ်ဝန်းကျင်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တို့ကြား နှစ်ဖက်စစ်ရေးဆက်လက်တင်းမာနေတယ်လို့ NMSP AD ပြော ရေးဆိုခွင့်ရှိ နိုင်ဗညားမွန်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဧပြီ ၉ ရက်နေ့ကလည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် တရနာကျေးရွာ ကျွန်းကုန်းပိုင်းမှာ လက်နက်ကြီးကျလို့ ရွှေ့ပြောင်းလုပ်သားတွေနေထိုင်တဲ့ နေအိမ် ၅၀ ကျော်မီး လောင်ပျက်စီးခဲ့သလို ကော့သတ်ကျေးရွာဘက်မှာလည်း နေအိမ် ၆ လုံးလောက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၅ ရက်နေ့က စစ်ကောင်စီရဲ့ ကော့ဘိန်းနယ်မြေရဲစခန်း သိမ်းပိုက်ခံရမှုအပြီး မတ် ၂၇ ရက်နေ့မှာ ဓမ္မသရွာကို ကြည်း၊ ရေ၊ လေ အမြောက်တွေနဲ့ပစ်ခတ်မှုကြောင့် နေအိမ် ၃၀၀ ကျော် မီး လောင်ပြာကျခဲ့ရပြီး အရပ်သားတစ်ချို့ ထိခိုက်သေဆုံးတာတွေလည်း ရှိခဲ့တာပါ။

ကော့ဘိန်းရဲစခန်းကျပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ လက်နက်ကိုင်တော်လှန်ရေးပူးပေါင်းအဖွဲ့တို့ကြား နှစ်ဖက်တိုက်ပွဲ ကြီးကြီးမားမား မရှိခဲ့ပေမယ့် စစ်သ‌‌ေင်္ဘာနဲ့ လေကြောင်းပစ်ခတ်မှုကြောင့် ဒေသခံထောင်နဲ့ချီ ဘေးလွတ်ရာ တိမ်းရှောင်နေကြရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-NMSP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.