ကျိုက်မရော ၊ ဧပြီ ၁၀
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ဂျိုင်းမြစ်တောင်ဘက်မြစ်ကမ်းနဘေးက မီးလောင်ပြာကျခဲ့ရတဲ့ ဓမ္မသရွာကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဓမ္မသရွာအတွင်း လက်နက်ကိုင်တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ လှုပ်ရှားမှုရှိနေတဲ့အတွက် မတ် ၈ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်မှာ စစ်ကောင်စီက မြေပြင်ထိတွေ့ တိုက်ပွဲမဆင်နွှဲဘဲ လေကြောင်းကနေ ဗုံးကြဲတာတွေ လုပ်ဆောင်ခဲ့တာပါ။
ဓမ္မသရွာခံတစ်ဦးက စစ်ကောင်စီရဲ့ လေယာဉ်ပျံသန်းမှုဟာ အခေါက်ရေမရေတွက်နိုင်ပေမယ့် ဗုံး ကြဲတာ များတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“လေယာဉ်ကတော့ တစ်နေကုန်ပဲ။ ဒါပေမယ့် အခေါက်ကတော့ ကျွန်တော်တို့ရေလို့မနိုင်ဘူး။ သူတို့ (ပြည်သူ )တွေက ကြောက်လို့ တောင်အောက်မှာ ပုန်းနေတာ။ (လေယာဉ်ပျံသန်းမှု) အခေါက်က ခန့်မှန်းမထိတော့ ဘူး။ လေယာဉ်ကတော့ (ဗုံး) ကြဲတာများတယ်။ မနေ့က တစ်နေ့လုံးကြဲတာ အ များဆုံးပဲ။ တိုက်ပွဲဖြစ်တာ၊ မဖြစ်တာ ကျွန်တော်လည်း ပြောမတတ်ဘူး”လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဓမ္မသရွာက ဘုန်းကြီးကျောင်းတစ်ကျောင်း မီးလောင်ပျက်စီးခဲ့ရသလို ရွာအနောက်ဘက်ခြမ်းက လမ်းတစ်လမ်းလုံးရှိ နေအိမ်တွေလည်း မီးလောင်ကုန်တယ်လို့ အဲဒီဒေသခံက ပြောပြပါတယ်။
မနေ့ည ၉ နာရီကျော်မှာလည်း လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဓမ္မသရွာအနီးတဝိုက်အပြင် မော်လမြိုင်မြို့အပါအဝင် ကျိုက်မရောနဲ့ ပေါင်မြို့အထိပါ အဆောက်အအုံတွေတုန်တဲ့အထိ အသံတွေကြားနေရ တယ်လို့ မြို့ခံတွေက လူမှုကွန်ရက်မှာ ပြောဆိုရေးသားခဲ့ကြပါတယ်။
မတ် ၉ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်မှာတော့ ဓမ္မသရွာအနီးတဝိုက် စစ်ကောင်စီတပ်ရဲ့ လေ ကြောင်းကနေ ဗုံးကြဲနေသလို ဂျိုင်းမြစ်ကြောင်းအတွင်း စစ်သင်္ဘောကနေလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ ဆက်ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီပစ်ခတ်မှုကြောင့် ဓမ္မသရွာဘက်မှာ လူထိခိုက်သေဆုံးတာနဲ့ နေအိမ်မီးလောင်တာ မရှိပေမယ့် တရနာရွာအစွန် ကျွန်းကုန်းဘက်က သုဿန်မှာ သာသနာ့အဆောက်အအုံမီးလောင်နေတယ်လို့ ဒေ သခံတွေဆီက သိရပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီဘက်ကနေ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်သံတွေ ငြိမ်နေပြီး ဓမ္မသရွာ အနီးတဝိုက်မှာ တိမ်းရှောင်နေတဲ့ ဒေသခံနှစ်ထောင်နီးပါး ကျန်ရှိနေသေးတယ်လို့ စစ်ရှောင်အရေးအကူအညီပေးနေသူတစ်ဦးက မနက် ၁၂ နာရီဝန်းကျင်မှာ သံလွင်တိုင်းမ်ကို ပြောပါတယ်။
မတ် ၂၅ ရက်နေ့က စစ်ကောင်စီရဲ့ ကော့ဘိန်းနယ်မြေရဲစခန်း သိမ်းပိုက်ခံရမှုအပြီး မတ် ၂၇ ရက်နေ့မှာ ဓမ္မ သရွာကို ကြည်း၊ ရေ၊ လေ အမြောက်တွေနဲ့ပစ်ခတ်မှုကြောင့် နေအိမ် ၃၀၀ ကျော် မီးလောင်ပြာကျခဲ့ရပြီး အရပ်သားတစ်ချို့ ထိခိုက်သေဆုံးတာတွေလည်း ရှိခဲ့တာပါ။
ကော့ဘိန်းရဲစခန်းကျပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ လက်နက်ကိုင်တော်လှန်ရေးပူးပေါင်းအဖွဲ့တို့ကြား နှစ်ဘက်တိုက်ပွဲ ကြီးကြီးမားမား မရှိခဲ့ပေမယ့် စစ်သင်္ဘာနဲ့ လေကြောင်းပစ်ခတ်မှုကြောင့် ဒေသခံထောင်နဲ့ချီ ဘေးလွတ်ရာ တိမ်းရှောင်နေကြရပါတယ်။
ဂျိုင်းမြစ်တောင်ဘက် မြစ်ကမ်းတစ်လျှောက်ရှိ ကော့ဘိန်း၊ကော့ပေါက်၊ဘုရားကြီး၊အံကစင်၊ဓမ္မသ၊တရနာစတဲ့ ကျေးရွာတွေဘက်ကို ဦးတည်ကာ စစ်ကောင်စီက ကြည်းကြောင်း၊ ရေကြောင်း စစ် ကြောင်းတွေနဲ့နေ့စဉ်နဲ့အမျှ လက်နက်ကြီး ပစ်ခတ်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ