လောင်းလုံး၊ ဧပြီ ၁၀

တနင်္သာရီတိုင်း လောင်းလုံးမြို့ရှိ လူဝင်မှုကြီးကြပ်‌ရေးရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ အလစ်ငိုက်ဝင်ရောက် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

ဧပြီ ၈ ရက် နေ့လည် ၁၂ နာရီအချိန်ခန့်မှာ အင်အား ၁၀ ဦးဝန်းကျင်နဲ့ လဝကရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကြောင့် အချိန်နာရီဝက်ကျော်ကြာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် သား ၅ ဦး သေဆုံးခဲ့သလို ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို လောင်းလုံး (ပကဖ) လိပ်ပြာတပ်စု၊ လောင်းလုံး ( ပကဖ) ကင်းမြှီးကောက်ပြောက်ကျားတပ်စုနဲ့ ဓူဝံကြယ်တပ်ဖွဲ့၊ Modern Punk အဖွဲ့၊ Student Revolutionary Force တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၇ ရက်နေ့ကလည်း လောင်းလုံးမြို့ပေါ် ရှိ မြို့နယ်ခန်းမအနီးမှာ စစ်ကောင်စီကားတစ်စီး တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – LLPDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.