မြဝတီ၊ ဧပြီ ၁၀
ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ကရင်ပြည်နယ် မြဝတီမြို့ထဲမှာ တစ်ခုထဲကျန်ရှိနေတဲ့ စစ်ကောင်စီရဲ့ ခလရ ၂၇၅ တပ်ရင်းဌာနချုပ်ကို ဧပြီ ၉ ရက် နေ့လည်ပိုင်းအချိန်ကစပြီးKNLA တော်လှန်ရေးပူး ပေါင်းအဖွဲ့က စတင်တိုက်ခိုက်နေပြီလို့ ဒေသတွင်း သတင်းရင်းမြစ်ဆီကနေ သိရပါတယ်။
KNLA တော်လှန်ရေးပူးပေါင်းအဖွဲ့က ဝိုင်းရံပိတ်ဆို့ထားတဲ့ မြဝတီမြို့ အခြေစိုက် စစ်ကောင်စီ ခလ ရ ၂၇၅ တပ်ရင်းဌာနချုပ်ကို လက်နက်ချဖို့အတွက် ဆွေးနွေးညှိနှိုင်းမှုတွေ မပြေလည်ဖြစ်ပြီးနောက် ဧပြီ ၉ ရက် နေ့ လည် ၁၂ နာရီအချိန်ခန့်ကစပြီး ပူးပေါင်းတပ်ဖွဲ့က စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ ခလရ ၂၇၅ တပ်ရင်းအနီးဝန်းကျင် အေးသုခကျေးရွာထဲကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့လို့ နေအိမ်အချို့ မီးလောင်ပျက်စီးမှု ဖြစ် ပွားနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဧပြီ ၅ ရက်နေ့က မြဝတီမြို့အနီး သင်္ဃန်းညီနောင်အခြေစိုက် စစ်ကောင်စီအခြေချ စစ်ဗျူဟာနဲ့တပ် ရင်း ၃ ရင်းလုံးကို KNLA တော်လှန်ရေးပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် မြဝတီမြို့ထဲကျန်ရှိနေတဲ့ စစ်ကောင်စီတပ် ခလရ ၂၇၅ ကို ဆက်လက်ဝိုင်းရံပိတ်ဆို့ပြီး လက်နက်ချဖို့ ညှိ နှိုင်းမှုတွေ လုပ်ဆောင်နေခဲ့တာပါ။
ဒီလို နှစ်ဖက်ပြောဆိုညှိနှိုင်းမှုတွေ လုပ်ဆောင်နေစဉ်အတောအတွင်း မြဝတီမြို့မှာ ၃ ရက်ခန့် တိုက် ပွဲတွေ ငြိမ်သက်နေခဲ့တာဖြစ်သလို စစ်ရေးအခြေအနေကြောင့် ခလရ ၂၇၅ အနီးနားနေထိုင်ကြတဲ့ ဒေသခံပြည်သူတွေဟာ ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်နေကြတာဖြစ်ပါတယ်။
တိုက်ပွဲကြောင့် မြဝတီမြို့တွင်းထဲမှာလည်း အသွားအလာကြဲနေပြီး တချို့ကတော့ ထိုင်းနိုင်ငံ မဲဆောက်ဘက်ကို ကြိုတင်တိမ်းရှောင်သွားကြပြီး မြို့တွင်းမှာတော့ ဘဏ်တွေအပါအဝင် ဆိုင်တွေအများစု ပိတ်ထားကြတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ