မော်လမြိုင် ၊ ဧပြီ ၁၀
နိုင်ငံအနှံ့တိုက်ပွဲတိုင်း တိုက်တိုင်းရှုံးနေတဲ့ စစ်ကောင်စီတပ်ဟာ အရွယ်ရောက်ပြီးသာ နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ့် စစ်မှုထမ်းအပတ်စဉ်(၁) ကို သတ်မှတ်ကာလမရောက်မီမှာပဲ သင်တန်းဖွင့်လှစ်လိုက်ပြီလို့ ထုတ်ပြန်လာတာပါ။
သင်္ကြန်အပြီးမှ စစ်မှုထမ်းသင်တန်းတွေ စတင်ခေါ်ယူမယ်လို့ စစ်ကောင်စီဘက်က အတိအလင်း ကြေညာခဲ့ပေမယ့် စစ်မှုထမ်းရမယ့်သူတွေကို မတ်လနောက်ဆုံးအပတ်အတွင်း အပြီးခေါ်ယူခဲ့ပြီး ဧပြီ ၈ ရက်နေ့ကစတင်ကာ စစ်သင်တန်းကျောင်းတွေမှာ သင်တန်းစပေးနေတာပါ။
စစ်မှုထမ်းအပတ်စဉ်(၁)ကိုတော့ တိုင်းနဲ့ပြည်နယ် ၉ ခုရဲ့ စစ်သင်တန်းကျောင်း ၁၅ ခုမှာ သင်တန်းစပေးနေတာဖြစ်ကာ သင်တန်းသားအရေအတွက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
စစ်တပ်အရာရှိဟောင်းတစ်ဦးကတော့ စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ လူငယ်တွေကို အချိန်တိုအတွင်း စစ်သင်တန်းတွေပေး၊ ရှေ့တန်းထွက်ခိုင်းဖို့ ပြင်ဆင်တာဖြစ်ပြီး လူငယ်တွေကို အသေခံခိုင်းတာပဲလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“သင်တန်းပေးမယ်ဆိုရင် နည်းနည်းခက်ခဲမယ်ထင်တယ်။ သုံးလလောက်တော့ အနည်းဆုံးပေးရမှာ။ သုံးလ၊ လေးလလောက် မပေးဘဲနဲ့ တစ်လလောက်ပေးရင်တော့ ပစ်တတ်၊ ခတ်တတ်ယုံနဲ့တော့ အကုန်သေကုန်လိမ့်မယ်နဲ့ တူတယ်။ လက်ရှိ ရှိနေတဲ့သူတွေတောင် အဆင်မပြေတာကွာ။ အခုမှစပြီး သေနတ်ကိုင်တဲ့သူက အဆင်ပြေပါမလားလို့။ လူတွေကို အသေခံခိုင်းသလို ဖြစ်သွားမှာပေါ့”လို့ ဆိုပါတယ်။
စစ်ကောင်စီက စစ်မှုထမ်းအပတ်စဉ်(၁)မှာ ပါဝင်သူတွေဟာ မိမိသဘောဆန္ဒအလျောက် ဆန္ဒပြုစာ ရင်းပေးသွင်းလာသူတွေ ဖြစ်တယ်လို့ ပြောဆိုထားပေမယ့် မြေပြင်မှာတော့ လူငယ်လူရွယ်တွေကို မဲနှိုက်ရွေးချယ်တာ၊ အတင်းအကျပ် စစ်သားစုဆောင်းတာတွေ ရှိခဲ့ပါတယ်။
ဝါရင့်တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကတော့ စစ်မှုထမ်းနည်းဥပဒေ မထွက်ခင်မှာပဲ စစ်သင် တန်းတွေ ပေးနေတာဟာ ရာဇဝတ်ဂိုဏ်းတွေရဲ့ အလုပ်သာဖြစ်သလို တိုင်းပြည်ကို နည်းအမျိုးမျိုးနဲ့ နှိပ်စက်နေတဲ့ စစ်တပ်ဖြစ်တာကြောင့် ဥပဒေစကားပြောလို့ မရဘူးလို့ ဝေဖန်ပါတယ်။
“နည်းဥပဒေမရှိတာကိုက ဓားပြအလုပ်ပဲ။ ဓားပြသူခိုးရာဇဝတ်ဂိုဏ်းတွေရဲ့ အလုပ်ပဲလေ။ ဥပဒေကလည်း တရားမဝင်တဲ့အထဲမှာ ထပ်ပြီးတော့ နည်းဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေ ထပ်ပြီးတော့ လိုသေးတယ်။ ဘယ်လိုလုပ်ရမလဲ။ ဘယ်လိုခေါ်ရမလဲဆိုတာတွေက တိုင်းပြည်ကို အာမခံချက်ပေးရမယ်။ တွေ့ရာလိုရာ ဆွဲခေါ်သွားလို့ မရဘူးလေ။ ဓားပြဂိုဏ်းလိုဂိုဏ်းကြီးဖွဲ့ပြီးတော့ အဲဒီလိုတိုင်းပြည်ရဲ့ ပစ္စည်းတွေကိုလု၊ လူတွေ သတ်၊ မုဒိမ်းကျင့်၊ မီးတွေရှို့ အဲဒီလိုလုပ်နေတဲ့ တပ်ကြီးကတော့ ဥပဒေစကား ပြောလို့တော့မရဘူးဗျ”လို့ ဆိုပါတယ်။
ဥပဒေကြောင်းအရ ဥပဒေတစ်ခု ထုတ်ပြန်ပြီးတဲ့နောက်မှာတော့ နည်းဥပဒေတွေ၊ လုပ်ထုံးလုပ် နည်းတွေ ထုတ်ပြန်ဖို့လိုအပ်ပြီး နည်းဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေ ရှိမှသာ ဘယ်သူတွေကို ဆင့်ခေါ်မယ်၊ ဘယ်သူတွေကတော့ ကင်းလွတ်ခွင့်ရှိတယ်ဆိုတာကအစ အသေးစိတ်သိရမှာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီဟာ နည်းဥပဒေနဲ့ လုပ်ထုံလုပ်နည်းတွေ မထွက်သေးခင်မှာဘဲ စစ်သင် တန်းတွေပေးတာဟာ ဥပဒေကို လိုက်နာခြင်းမရှိသလို ဥပဒေကိုကျော်လွန်ပြီး ပြောင်ပြောင်တင်း တင်းချိုးဖောက်တာဖြစ်တယ်လို့ ဝေဖန်တာပါ။
လူငယ်တစ်ဦးက စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး စစ်သင်တန်းပေးနေတာဟာ လူထုရဲ့ အခြေ ခံအခွင့်အရေးကို ကာကွယ်ဖို့မဟုတ်ဘဲ သူတို့ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ ဖြစ်တာကြောင့် လူ ငယ်တွေအတွက် အန္တရာယ်ရှိတဲ့ လုပ်ရပ်တစ်ခုဖြစ်တယ်လို့ ပြောပါတယ်။
“အခုစစ်ကောင်စီဘက်က အသက်သွင်းလိုက်တဲ့ အခုဖြစ်နေတဲ့ စစ်မှုထမ်းမယ့်ဟာက လူထုတွေရဲ့ အခြေခံအခွင့်အရေးကို ကာကွယ်ဖို့အတွက် မဟုတ်ဘူးပေါ့နော်။ သူတို့တွေရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒါကအခြားနည်းအားဖြင့် ကြည့်မယ်ဆိုရင်တော့ လူထုတွေရဲ့ ဒီလွတ်လပ်မှုကို ချိုးဖောက်ရာရောက်တယ်။ လူထုတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်တယ်။ မတည်ငြိမ်တဲ့ အခြေအနေတစ်ခုထိကို သွတ်သွင်းလိုက်တဲ့ ပုံစံဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒါကတော့ အန္တရာယ်ရှိတဲ့လုပ်ရပ်တစ်ခုပေါ့”လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအရ နိုင်ငံသားတိုင်းဟာ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း စစ်မှု ထမ်းရမှာဖြစ်ပြီး စစ်မှုထမ်းဖို့ ငြင်းဆိုပါက ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။
စစ်မှုထမ်းဥပဒေဟာ အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက် ၂၀၁၀ ခုနှစ်မှာ ပြဌာန်းခဲ့တာ ဖြစ်ပြီး စစ်ရှုံးနေတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ အ သက်သွင်းခဲ့တာပါ။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်ရာမှာ အ ထောက်အကူပြုတဲ့ လူပုဂ္ဂိုလ်မှန်သမျှနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းအဆင့်ဆင့်ကို စစ်ရာဇဝတ်မှုကျူးလွန်တဲ့ ပြည်သူ့ရန်သူအဖြစ် သတ်မှတ်ပြီး ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ဖေဖော်ဝါ ရီ ၁၃ ရက်နေ့မှာ ကြေညာထားပါတယ်။
စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် အရွယ်ရောက်ပြီးသာ လူငယ်လူရွယ်တွေဟာ ပြည်ပနိုင်ငံတွေထံ အလုံးအရင်းနဲ့ ထွက်ခွာသွားတာ၊ တော်လှန်ရေးတပ်ဖွဲ့တွေထဲ ဝင်ရောက်တာတွေ ရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-SAC Telegram