ကျောက်ကြီး၊ ဧပြီ ၉

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် ဘုရားကြီးကျေးရွာထဲကို စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဧပြီ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၆ ရက်နေ့က ကုန်းကျောင်းကျေးရွာအခြေစိုက် စစ်ကောင်စီရဲ့ ခလရ ၃၀၇ တပ်ကနေ တိုက်ပွဲမရှိဘဲ ဘုရားကြီးကျေးရွာထဲ ၁၅၅ မမ ဟောင်ဝစ်ဇာ လက်နက်ကြီး ၅ လုံး ပစ်ခတ်တိုက် ခိုက်ခဲ့တာပါ။

စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၃၅ နှစ်အရွယ် ဖီးနော်ဒွဲ လက်နက်ကြီးထိမှန်သေဆုံးခဲ့ရပြီး သူရဲ့ နေအိမ်မှာလည်း ထိမှန်ပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဧပြီ ၇ ရက်နေ့မှာလည်း စစ်ကောင်စီတပ်က လက်နက်ကြီးတွေ ထပ်မံပစ်ခတ်ခဲ့တဲ့အတွက် ပဒဲကောကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဦးသောင်းရွှေနေအိမ် ထိမှန်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ဧပြီ ၈ ရက်နေ့ကလည်း ကျွန်းစုကျေးရွာသား အသက် ၄၃ နှစ်အရွယ် ဦးကျော်မိုးဟာ ကွင်းဒလလေး ဘုန်းကြီးကျောင်းရှေ့လမ်းပေါ်မှာ စစ်ကောင်စီတပ် ထောင်ထားတဲ့ မြေမြှုပ်မိုင်းနင်းမိခဲ့တဲ့အတွက် ညာဘက်ခြေထောက်ပြတ်ကာ ဘယ်ဘက်လက်ကောက်ဝတ်မှာ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အာဏာသိမ်းကာလအတွင်း KNU အုပ်ချုပ်နယ်မြေထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့လေ ကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူလူထု ၇ သိန်းကျော် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.