ဟုမ္မလင်း၊ ဧပြီ ၈

စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်ရှိ ကျွန်းကုန်းအခြေပြု ကျေးရွာလေးရွာမှ ပျူစောထီး ၁၂၀ နီးပါး လက်နက်ချ အညံ့ခံခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။

ကျွန်းကုန်းအခြေပြု ကျေးရွာတွေဖြစ်တဲ့ ကျွန်းကုန်းရွာ၊ သောင်သွတ်ရွာ၊ အင်းကြင်းမော်ရွာနဲ့ မနော်သာရွာမှ ပျူစောထီးအင်အား ၁၂၀ နီးပါးဟာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေရဲ့ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် ဒီနေ့မနက် ၂ နာရီအချိန်ခန့်မှာ လက်နက်ချ အညံ့ခံခဲ့တာ ဖြစ်ပါတယ်။

ကျွန်းကုန်းတိုက်ပွဲကို အမှတ် (၁) စစ်ဒေသကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အထူးလှုပ်ရှား တပ်ရင်း (၄) (၈)၊ မော်လိုက်ခရိုင်တပ်ရင်း-၁၊ ခန္တီးခရိုင် တပ်ရင်း-၁၊ ဖောင်းပြင်မြို့နယ် ပကဖနဲ့ ဟုမ္မလင်းမြို့နယ် ပကဖတို့က ၉ ရက်ကြာ ပိတ်ဆို့တိုက်ခိုက်ထားပြီး ၁၀ ရက်မြောက်နေ့မှာ လော်စပီကာဖြင့် လက်နက်ချ အလင်းဝင်ရန် လှုံဆော်ရာမှ အခုလို လက်နက်ချ အညံ့ခံခဲ့တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါအပြင် ကျွန်းကုန်းတိုက်ပွဲအတွင်း လက်နက်မျိုးစုံ ၁၃၀ လက် အပါအဝင် ခဲယမ်းမီးကျောက်မျိုးစုံကိုလည်း သိမ်းပိုက်ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.