ကျိုက်မရော ၊ ဧပြီ ၈

မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး AD က ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စလွန်းထော၊  စစ်ဆင်ကြီးကြပ်ရေးအဖွဲ့မှာ ပါဝင်တဲ့ နိုင်သူရဌေးနဲ့ အဖွဲ့ဝင်တွေဟာ ဂျိုင်းမြစ်ဒေသက စစ်ရေးအခြေအနေကို သွားရောက်စစ်ဆေးခဲ့တယ်လို့ ပါတီက ထုတ်ပြန်ပါတယ်။

တစ်ဆက်တည်းမှာ မွန်ပြည်သစ်ပါတီ AD ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စလွန်းထောက ဦးဆောင်ပြီး စစ်ဘေးရှောင် မီးဘေးသင့် အရပ်သားပြည်သူတွေကို တွေ့ဆုံအားပေးပြီး ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေကိုလည်း ခွဲဝေထောက်ပံ့ကူညီပေးခဲ့တာ ဖြစ်ပါတယ်။

ဂျိုင်းမြစ်စစ်ဒေသဖြစ်တဲ့ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အစပ် ကော့ကရိတ်မြို့နယ်နဲ့ ကျိုက်မရောမြို့နယ်ရှိ ရမ္မာဝတီကားလမ်းပေါ်က ကော့ဘိန်း၊ကော့ပေါက်၊ဘုရားကြီး၊ဓမ္မသ၊သံကလောင် စတဲ့ ကျေးရွာတွေ ဖြစ်ကြပါတယ်။

မတ် ၂၅ ရက်နေ့က စစ်ကောင်စီရဲ့ ကော့ဘိန်းနယ်မြေရဲစခန်းသိမ်းပိုက်ခံရတဲ့ ဖြစ်စဉ်အပြီး မတ် ၂၇ ရက်‌နေ့မှာ ဓမ္မသရွာကို ကြည်း၊ရေ၊လေ အမြောက်တွေနဲ့ပစ်ခတ်မှုကြောင့် နေအိမ် ၃၀၀ ကျော် မီးလောင်ပြာကျခဲ့ရပြီး အရပ်သားတစ်ချို့ ထိခိုက်သေဆုံးတာတွေလည်း ရှိခဲ့တာပါ။

ကော့ဘိန်းရဲစခန်းကျပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ လက်နက်ကိုင်တော်လှန်ရေးပူးပေါင်းအဖွဲ့တို့ကြား နှစ်ဘက်တိုက်ပွဲ ကြီးကြီးမားမား မရှိခဲ့ပေမယ့် ရေတပ်စစ်သင်္ဘာနဲ့ လေကြောင်း ပစ်ခတ်မှုကြောင့် ဒေသခံထောင်နဲ့ချီ ဘေးလွတ်ရာ တိမ်းရှောင်နေကြရပါတယ်။

ဂျိုင်းမြစ်ကြောင်းတစ်လျှောက်မှာတော့ စစ်ကောင်စီဘက်က ကြည်းကြောင်း၊ ရေကြောင်း စစ်ကြောင်းထိုးထားပြီး နေ့စဉ်နဲ့အမျှ လက်နက်ကြီး ပစ်ခတ်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – NMSP AD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.