မော်လမြိုင် ၊ ဧပြီ ၉
စစ်အာဏာရှင်ပြုတ်ကျရေးနဲ့ မွန်ပြည်ထူထောင်နိုင်တဲ့အထိ တိုက်ပွဲဝင်ဖို့ နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ မွန်နိုင်ငံရေးနဲ့ မွန်လက်နက်ကိုင်တော်လှန်ရေးတပ်တွေ ပူးပေါင်းဆောင် ရွက်ဖို့ သဘောတူညီရရှိခဲ့တယ်လို့ သက်ဆိုင်ရာအဖွဲ့တွေက ဧပြီ ၇ ရက်နေ့မှာ ကြေညာပါတယ်။
မွန်ပြည်သူတွေရဲ့ သဘောဆန္ဒကို ဦးထိပ်ထားပြီး မွန်နိုင်ငံရေးနဲ့ မွန်တော်လှန်ရေးအင်အားစုတွေ ကြား ညီညွတ်ရေးကိုရည်စူးပြီး မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ၊ မွန်ပြည်တော်လှန်ရေး တပ် MSRF နဲ့ မွန်ပြည်ကာကွယ်ရေးတပ် MSDF တို့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြတာပါ။
သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုတွေကတဆင့် မွန်ပြည်ကာကွယ်ရေးတပ် MSDF ရဲ့ နိုင်ငံရေး၊ စစ်ရေး ဦးဆောင်ကော်မတီ တာဝန်ရှိသူအချို့ကမွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC မှာ ပါဝင်ပြီး နိုင်ငံ ရေးတာဝန်တွေကို ပူးပေါင်းတာဝန်ယူသွားမှာ ဖြစ်ပါတယ်။
မွန်ပြည်ဖက်ဒရယ်ကောင်စီ ပြောခွင့်ရ နိုင်မွန်စိုင်းကတော့ “မွန်အမျိုးသားလွတ်မြောက်ရေးပဲဖြစ် ဖြစ်၊ ကျွန်တော်တို့လာမယ့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ဖွဲ့စည်းတဲ့အချိန်မှာ မွန်ပြည် နယ်အနေနဲ့ ကိုယ့်ရဲ့ ပြည်နယ်ယူနစ်အနေနဲ့ ထူထောင်နိုင်ဖို့ဆိုတာကတော့ လက်ရှိမွန်ပြည်နယ်ထဲမှာရှိနေတဲ့ ဒီစစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ရမှာဖြစ်ပါတယ်။ အဲဒီလိုမျိုးတိုက်ဖျက်ဖို့ကတော့ တစ်ဖွဲ့ချင်းအနေနဲ့ကတော့ လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ ဒီမှာရှိနေတဲ့အဖွဲ့အစည်းတွေအားလုံး စုစည်းမှုအားနဲ့ လုပ်ဆောင်မှအောင်မြင်မယ်လို့ ကျွန်တော်တို့ မွန်ပြည်ဖက်ဒရယ်ကောင်စီက ယုံ ကြည်ထားတာ ဖြစ်တဲ့အတွက် တစ်ဖွဲ့နဲ့တစ်ဖွဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ၊ နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုတွေလုပ်သွားဖို့ ကျွန်တော်တို့ စီစဉ်ထားတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
ပူးပေါင်းဆောင်ရွက်မှုတွေထဲမှာ မွန်ပြည်ကာကွယ်ရေးတပ် MSDF ရေရှည်တည်တံ့ခိုင်မြဲရေး အ တွက် မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ကနေ ကူညီထောက်ပံ့မှုတွေပြုလုပ်သွားမယ်လို့ သုံးပွင့် ဆိုင် ဆွေးဆွေးမှုကနေ သဘောတူညီချက်ရရှိခဲ့တာပါ။
တစ်ဘက်မှာ MSRF နဲ့ MSDF တို့ စစ်အာဏာရှင်နဲ့ အာဏာရှင်စနစ်အမျိုးမျိုးကို အမြစ်ပြတ်တဲ့အ ထိ တိုက်ပွဲဝင်သွားပြီး အချုပ်အခြာအာဏာနဲ့ ပြည့်ဝတဲ့မွန်ပြည်ထူထောင်နိုင်တဲ့အထိ မဟာမိတ်တပ်တွေအဖြစ် အတူတကွပူးပေါင်းတိုက်ပွဲဝင်သွားဖို့ သဘောတူတာပါ။
မွန်ပြည်ကာကွယ်ရေးတပ် MSDF ပြောခွင့်ရ ဒေါက်တာသီရိမွန်ချမ်းက မွန်ပြည်နယ်မှာ စခန်းသိမ်းမြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနိုင်ဖို့ မွန်တော်လှန်ရေးလက်နက်ကိုင်တပ်တွေ တစ်စုတစ်စည်းတည်း ဖြစ်ဖို့ လိုတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“မွန်ပြည်နယ်မှာစစ်ရေးဖော်ဆောင်မှုတွေ၊ စခန်းသိမ်း မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနိုင်ဖို့ ပထမအဆင့်အနေနဲ့ မွန်တော်လှန်ရေးလက်နက်ကိုင်တပ်တွေ တစ်စုတစ်စည်းထဲဖြစ်ဖို့လိုတယ်။ ဒီလိုတစ်စုတစ် စည်းထဲဖြစ်ပေါ်လာတဲ့ မွန်တော်လှန်ရေးတပ်ကနေတဆင့် ရှိနှင့်ပြီးသားနွေဦးတော်လှန်ရေးမှာ ပေါ် ပေါက်လာတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ၊ မဟာမိတ်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ မွန် ပြည်နယ်မှာပေါ့နော်။ စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲတွေလုပ်ဖို့ အတော့်ကိုအရေးကြီးပါတယ်”လို့ ဆိုပါတယ်။
မဟာမိတ်တပ်အဖြစ် ပူးပေါင်းတိုက်ပွဲဝင်ဖို့ မွန်လက်နက်ကိုင်တော်လှန်ရေးတပ်ဖြစ်တဲ့ MSRF နဲ့ MSDF တို့ အခြေခံစစ်သင်တန်းတွေနဲ့ စစ်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းတွေမှာ အတူတကွ လုပ် ဆောင်သွားဖို့ ရှိနေပါတယ်။
ဒါ့အပြင် စစ်ဘက်ဆိုင်ရာ သတင်းအချက်အလက်တွေနဲ့ စစ်ရေးအတွေ့အကြုံတွေကို အပြန်အလှန်ဖလှယ်သွားဖို့နဲ့ စစ်ဆင်ရေးတိုက်ပွဲတွေ ပေါ်ပေါက်လာရင် မဟာမိတ်အသွင် အတူတကွတိုက်ပွဲဝင်သွားဖို့ သဘောတူထားတာပါ။
မွန်ပြည်သူအမျိုးသမီးတစ်ဦးကတော့ “ပြည်သူတစ်ယောက်အနေနဲ့ အာဏာရှင်စနစ်ကိုပြည်သူတွေက ပင်ပန်းနေပြီ။ မြန်မြန်လေးအောင်မြင်ချင်နေပြီ။ အာဏာရှင်ကို မြန်မြန်အမြစ်ပြတ်ချေမှုန်းနိုင်ရင်တော့ ပိုပြီးတော့ကောင်းတယ်။ ပူးပေါင်းခြင်းကိုလည်း လှိုက်လှဲစွာကြိုဆိုတယ်။ ဒီထပ်ပိုပြီးတော့မှ ကျန်ရှိနေတဲ့အဖွဲ့အစည်းတွေလည်း အတူပူးပေါင်းပြီးတော့မှ သေချာအစီအစဉ်ကောင်း ကောင်းလေး ရေးဆွဲပြီးတော့မှ တိုက်ပွဲဝင်သွားမယ်ဆိုရင်တော့ လိုချင်တဲ့ပန်းတိုင်ကိုရောက်မယ်။ ပြည်သူတစ်ယောက်အနေနဲ့ ပျော်မိပါမယ်” လို့ ဆိုပါတယ်။
မွန်ဒေသမှာ လှုပ်ရှားနေကြတဲ့ မွန်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေထဲမှာ မွန်ပြည်ကာကွယ် ရေးတပ် MSDF ၊ မွန်ပြည်တော်လှန်ရေးတပ် MSRF ၊ မွန်ပြည်နယ်အခြေပြု တော်လှန်ရေးအဖွဲ့ အစည်း MSRO၊ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA ၊ မွန်ပြည်သစ်ခွဲထွက် စစ်အာဏာရှင် တိုက်ဖျက်ရေး NMSP-AD တို့ ရှိနေပါတယ်။
အဲဒီထဲက မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA ဟာ မွန်ပြည်သစ်ပါတီ NMSP-AD နဲ့ မွန် ပြည်နယ်အခြေပြု တော်လှန်ရေးအဖွဲ့အစည်း MSRO တို့ကို မဟာမိတ်ဖွဲ့ထားသလို မွန်ပြည်တော် လှန်ရေးတပ် MSRF ကလည်း MSRO နဲ့ မဟာမိတ်ဖွဲ့ထားတာ ဖြစ်ပါတယ်။
မွန်ပြည်ဖက်ဒရယ်ကောင်စီဟာ တော်လှန်ရေးကာလအတွင်း မွန်နိုင်ငံရေးအဖွဲ့အစည်းအဖြစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းဖွဲ့စည်းခဲ့တဲ့ မွန်ပြည်ကြားကာလ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ MSICC ကနေ မွန်ပြည်ဖက်ဒရယ်ကောင်စီအဖြစ် ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှာ အသွင်ပြောင်းခဲ့တာပါ။
မွန်ပြည်ကာကွယ်ရေးတပ် MSDF နဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF တို့ကတော့ စစ်အာဏာရှင် စနစ်ဖြုတ်ချရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အာဏာသိမ်းကာလမှာ ဖွဲ့စည်းခဲ့တဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်တွေ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Voice TV