မြဝတီ၊ ဧပြီ ၉

ထိုင်း-မြန်မာနယ်စပ်မြို့ မြဝတီမြို့အခြေစိုက် ခလရ ၂၇၅ တပ်ရင်းဌာနချုပ်ကို လက်နက်ချဖို့အ တွက် နှစ်ဖက်ဆက်လက်ညှိနှိုင်းနေဆဲဖြစ်တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်ရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၅ ရက်နေ့က မြဝတီမြို့အနီးရှိ သင်္ဃန်းညီနောင်အခြေချ စစ်ကောင်စီဗျူဟာကို KNLA တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး သင်္ဃန်းညီနောင်ဒေသတစ်ခုလုံးကို နယ် မြေစိုးမိုးထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

သင်္ဃန်းညီနောင်ကို သိမ်းပိုက်ထိန်းချုပ်နိုင်ပြီးနောက် KNLA တော်လှန်ရေးပူးပေါင်းအဖွဲ့တို့က မြဝတီမြို့အခြေစိုက် ခလရ ၂၇၅ တပ်ရင်းဌာနချုပ်ကို ဆက်လက်ဝိုင်းရံထားပြီး စစ်ကောင်စီတပ်ဖွဲ့ လက်နက်ချဖို့အတွက် နှစ်ဖက်ညှိနှိုင်းမှုတွေ ပြုလုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

လက်ရှိမှာတော့ မြဝတီမြို့မှာ မြို့စောင့်တပ်လို့ လူသိများတဲ့ ခလရ ၂၇၅ တပ်ရင်တစ်ရင်းသာ ကျန်ရှိနေတော့တာ ဖြစ်ပါတယ်။

တဖက်မှာလည်း သင်္ဃန်းညီနောင်ဗျူဟာက လက်နက်ချစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မြဝတီမြို့ရှိ စစ်တပ်၊ ရဲ၊ ဌာနဆိုင်ရာဝန်ထမ်းစတဲ့ စစ်ကောင်စီလက်အောက်ခံတွေကို လာရောက်ခေါ်ဆောင်ဖို့ စစ်ကောင်စီဘက်က ဧပြီ ၇ ရက်ညပိုင်းက ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ လေယာဉ်တစ်စီးစေလွှတ်ထားတာဖြစ်ပါတယ်။

အဲဒီလေယာဉ်ဟာ စစ်ကောင်စီလက်အောက်ခံအချို့နဲ့ ငွေသားတွေကို ပြန်လည်သယ်ဆောင်သွားခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

နှစ်ဖက်ဆွေးနွေးညှိနှိုင်းမှု လုပ်ဆောင်နေတဲ့ ရက်တွေထဲမှာ ပစ်ခတ်သံတွေ မကြားရတော့သလို ဧ ပြီ ၈ ရက်နေ့အထိ မြဝတီမြို့တွင်းရှိ ရဲစခန်း၊ ရှေ့တန်းရုံးနဲ့ နယ်စပ် တံတားဂိတ်တွေမှာ စစ်ကောင်စီတပ်နဲ့ လက်အောက်ဝန်ထမ်းတွေ ရှိနေဆဲဖြစ်ပြီး နယ်စပ်ဂိတ်လည်း ဖွင့်လှစ်သွားလာနေကြတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

ဒါပေမဲ့ စစ်ကောင်စီဝန်ထမ်း ထိပ်ပိုင်းအရာရှိအဆင့်တွေအပါအဝင် ဝန်ထမ်းအားလုံးကတော့ မြဝတီမြို့ကနေထွက်ခွာဖို့ အဆင်သင့်ပြင်ဆင်ဆောင်ရွက်နေတာကိုလည်း သိရတယ်လို့ စစ်ရေးသ တင်းရင်းမြစ်က ဆိုပါတယ်။

မြဝတီမြို့မှာ အခြေအနေပုံမှန်အတိုင်းသာ သွားလာနေထိုင်နေကြဆဲဖြစ်ပြီး ငွေကြေးတတ်နိုင်သူတချို့ကတော့ ထိုင်းနိုင်ငံမဲဆောက်မြို့ကို သွားရောက်တိမ်းရှောင်တာတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

လက်ရှိမှာ သင်္ဃန်းညီနောင်ဗျူဟာက လက်နက်ချစစ်ကောင်စီတပ်ဖွဲ့ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သိခွင့်ရဖို့ KNU ပြောခွင့်ရတာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းနေဆဲပဲ ဖြစ်ပါတယ်။

ကရင်သတင်းရင်းမြစ်ရဲ့ ပြောပြချက်အရ သင်္ဃန်းညီနောင်ဗျူဟာက လက်နက်ချစစ်ကောင်စီတပ် ဖွဲ့တွေကို ရွှေကုက္ကိုမြို့ စာသင်ကျောင်းမှာ ထားရှိထားပြီး ကရင်နယ်ခြားစောင့်တပ် BGF အသွင်ပြောင်းထားတဲ့ ဗိုလ်မှူးကြီးစောချစ်သူတပ်ဖွဲ့ KNA က လုံခြုံရေးစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.