မော်လမြိုင်၊ ဧပြီ ၉

မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကောင်စီက အတိုက်အခံအဖွဲ့အစည်းတွေ အားပေးထောက်ခံမှု စွပ်စွဲချက်နဲ့ ဒေသခံပြည်သူတွေကို ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ မြို့ခံတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့တွေဟာ လုံခြုံရေးအကြောင်းပြချက်နဲ့ မြို့တွင်းနေရာအနှံ့ ပိတ်ဆို့ရှာဖွေ စစ်ဆေးပြီး ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်နေသလို လူမှုကွန်ရက်တွေကနေတဆင့် စောင့်ကြည့်ဖမ်းဆီးမှုတွေ ခပ်စိပ်စိပ်ပြုလုပ်နေတာပါ။

အဲဒီထဲမှာ ပြီးခဲ့တဲ့ ဧပြီ ၄ ရက်နေ့က မော်လမြိုင်ဒေသခံတွေဖြစ်တဲ့ ဦးဇင်မင်းဦးနဲ့ မချိုချိုခိုင်တို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေထံ အွန်လိုင်းကနေ ငွေကြေးထောက်ပံ့မှုတွေ လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခဲ့ပါတယ်။

ဧပြီ ၇ ရက်နေ့ကလည်း မော်လမြိုင်ဒေသခံ မပွင့်ဖြူအောင်နဲ့ မကြည်ဝါထွန်းတို့ကို အလားတူ ငွေ ကြေးထောက်ပံ့မှု စွပ်စွဲချက်နဲ့ ထပ်မံဖမ်းဆီးခဲ့တာပါ။

မော်လမြိုင်မြို့ခံတစ်ဦးက မြို့တွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လုံခြုံရေးအကြောင်းပြချက်နဲ့ ဖုန်းတွေစစ်ဆေးပြီး ဆက်တိုက်ဖမ်းဆီးလာတာကြောင့် စိုးရိမ်မှုတွေ မြင့်တက်လာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အဓိကကတော့ လူငယ်တွေပေါ့နော်။ လုံခြုံရေးအရ ဆိုင်ကယ်ဘောက် လှန်ခိုင်းတယ်။ ဖုန်းပါလား မေးတယ်။ ဖုန်းတောင်း ကြည့်တာပေါ့။ တချို့လွတ်လွတ်ကင်းကင်းလူတွေ ကျတော့လည်း ဖုန်းပြ တာပေါ့နော်။ တချို့ကလည်း မပြဘူးပေါ့။ မပြတဲ့အခါကျရင် ဖမ်းဆီးတယ်။ ညဘက်ဆိုလည်း နေ အိမ်တွေထဲဝင်စစ်တာတွေ ရှိနေတယ်။ အခုကဥပဒေမဲ့ လုပ်ချင်သလိုကို လုပ်နေတယ်။ စိတ်ထဲက မထင်ရင်မထင်သလို ဆောင်ရွက်နေတဲ့အခါကျတော့ လူတွေကအရမ်းကို စိုးရိမ်ထိတ်လန့်ရတာပေါ့”လို့ ဆိုပါတယ်။

တဖက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လုံခြုံရေးအကြောင်းပြချက်နဲ့ ဖုန်းတွေကို စစ်ဆေးတဲ့နေရာမှာ တော်လှန်ရေးနဲ့ ပတ်သက်ပြီး မျှဝေတာ၊ မှတ်ချက်ပြု ရေးသားတာတွေအပြင် လိုင်စင်ပိတ်သိမ်းခံထားရတဲ့ သတင်းဌာနတွေမှာ မှတ်ချက်ပြုရေးသားပါကလည်း အကြမ်းဖက်အားပေးဆိုပြီး ဖမ်းဆီးအမှုဖွင့်တာတွေ ရှိနေပါတယ်။

သံလွင်တိုင်းမ်က လက်လှမ်းမီသလောက်ပြုစုထားတဲ့ အချက်အလက်တွေအရ အခုနှစ် ဇန်နဝါရီလကနေ မတ်လအထိ မော်လမြိုင်မှာ ဒေသခံ ၂၀ ထက်မနည်း ဖမ်းဆီးခံထားရပြီး အများစုဟာ အ ကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်ထားပါတယ်။

ရာမညဖက်ဒရယ်အင်အားစုသစ် NRFF ရဲ့ အာဏာသိမ်းသုံးနှစ်ပြည့် အစီရင်ခံစာအရ မွန်ပြည်နယ်မှာ အရပ်သား ၉၀၀ ကျော် ဖမ်းဆီးခံထားရပြီး ၁၀၅ ဦး သတ်ဖြတ်ခံထားရတယ်လို့ ပြီးခဲ့တဲ့ ဖေဖော် ဝါရီ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.