ဗီယင်နာ၊ ဧပြီ ၉

ယူကရိန်းနိုင်ငံက ဇာပိုရီဇဟီယာ နျူကလီးယား စွမ်းအင်စက်ရုံကိုဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် ကြီးမားတဲ့ နျူကလီးယားဆိုင်ရာ ဘေးအန္တရာယ်တစ်ခုဖြစ်ပွားလာနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ ကုလသမဂ္ဂအဏုမြူစွမ်းအင် အေဂျင်စီက သတိပေးလိုက်ပါတယ်။

လူသုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဒီတိုက်ခိုက်မှုနောက်ကွယ်မှာ ယူကရိန်းပါဝင်နေတယ်လို့ ရုရှားက စွပ်စွဲထားသလို ယူကရိန်းကတော့ သူတို့ပါဝင်ပတ်သက်မှုမရှိဘူးလို့ ငြင်းဆိုထား ပါတယ်။

ရုရှားထိန်းချုပ်ထားတဲ့ နျူကလီးယားစက်ရုံမှာ ဓာတ်ပေါင်းဖို ၆ ခုရှိပြီး စစ်ပွဲရဲ့ ရှေ့တန်းနေရာမှာ တည်ရှိနေတာဖြစ်ပြီး တိုက်ခိုက်မှုတွေမလုပ်ဖို့ ကုလသမဂ္ဂရဲ့ နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ IAEA က အကြိမ်ကြိမ်သတိပေးထားတာပါ။

IAEA အကြီးအကဲ ရာဖေးဂရော်စီက နျူကလီးယားစက်ရုံကို ဒရုန်းနဲ့တိုက်ခိုက်မှုဟာ မဆင်မခြင်လုပ်ရပ်ဖြစ်ပြီး နျူကလီးယား ဘေးကင်းလုံခြုံရေး ဆိုင်ရာ အန္တရာယ်တွေကို ပိုများလာစေ တယ်လို့ ပြောပါတယ်။

ယူကရိန်းတောင်ပိုင်းမှာရှိတဲ့ နျူကလီးယားစက်ရုံဟာ ဥရောပမှာ အကြီးဆုံးဖြစ်ပြီး၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလထဲက ရုရှားက တိုက်ခိုက်ပြီးနောက် သိမ်းယူထားတာဖြစ်ပါတယ်။

အဲဒီစက်ရုံမှာ ပညာရှင်အဖွဲ့တစ်ဖွဲ့ ထားရှိထားတဲ့ IAEA က ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် ဓာတ်ပေါင်းဖို တစ်လုံးထိခိုက်မှု အပါအဝင် စက်ရုံမှာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေဖြစ်ပေါ် ခဲ့တယ်လို့ အသိပေးထားပါတယ်။

ရုရှားရဲ့ အုပ်ချုပ်ရေးအဖွဲ့ကတော့ ရေဒီယိုသတ္တိကြွမှုအတိုင်းအတာတွေဟာ သာမန်အခြေအနေမှာပဲရှိပြီး ကြီးကြီးမားမားထိခိုက်ပျက်စီးမှုမရှိဘူးလို့ ပြောပါတယ်။

လက်ရှိမှာတော့ နှစ်နိုင်ငံလုံးက အဲဒီစက်ရုံကို လက်နက်ကြီးတွေနဲ့ တိုက်ခိုက်တယ်လို့ အပြန် အလှန်စွပ်စွဲတာတွေရှိနေတာကြောင့် ကြီးမားဆိုးရွားတဲ့ နျူကလီးယား မတော်တဆမှုတစ်ခု ဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိနေတယ်လို့ လေ့လာသူတွေက ဆိုထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.