ရန်ကုန် ၊ ဧပြီ ၇
စစ်ကောင်စီကို တော်လှန်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ K3C နဲ့ အမေရိကန်နိုင်ငံခြားရေး အတိုင်ပင်ခံ ဒဲရက်ချောလက်တို့ဟာ ပြီးခဲ့တဲ့မတ်လနှောင်းပိုင်းမှာ ပထမဆုံးအ ကြိမ်တွေ့ဆုံခဲ့တာပါ။
K3C လို့ အမည်ပေးထားတဲ့အဖွဲ့ထဲမှာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ ချင်းအမျိုးသားတပ်ဦး CNF တို့ ပါဝင်ပါတယ်။
အမေရိကန်နိုင်ငံခြားရေး အတိုင်ပင်ခံက သူ့ရဲ့ X လူမှုကွန်ရက်ကနေ မြန်မာပြည်သူတွေအတွက် လုံ ခြုံစိတ်ချပြီး ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို တည်ဆောက်နိုင်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကနေ အကူညီတွေ တိုးချဲ့နိုင်မလဲဆိုတာ ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်က နိုင်ငံရေးစစ်ရေး အခြေအနေတွေကို မျှဝေပြောဆိုကြတာရှိပြီး ဒုက္ခသည်အရေးနဲ့လည်း ဆက်လက်ပူးပေါင်းသွားမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ကျွန်တော်တို့ Update Sharing ပဲ လုပ်တယ်။ နောက်ကျွန်တော်တို့ ၂/၃ ဖွဲ့ တွေ့တယ်ဆိုတာ လက်ရှိနိုင်ငံရေး စစ်ရေးအခြေအနေကိုပြောကြတယ်။ အဲဒါကို နားထောင်ပြီး သူတို့ကလည်း မြန် မာပြည်ထဲမှာဖြစ်နေတဲ့ အခြေအနေတွေ သူတို့နားလည်တယ်။ ဒုက္ခသည်အရေးတွေနဲ့ပတ်သက်ပြီး ဆက်လက်ပူးပေါင်းဆောင်ရွက်မှု လုပ်သွားမယ်။ ဒီလောက်ပါပဲ ကျွန်တော်တို့ အထူးအရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေလည်း မရှိပါဘူး”လို့ ဆိုပါတယ်။
ချင်းအမျိုးသားတပ်ဦး CNF ပြောခွင့်ရ ဆလိုင်းထက်နီကလည်း လူသားချင်းစာနာမှုအကူအညီပံ့ပိုးရေးကိစ္စတွေကို နည်းမှန်နဲ့ တကယ်နစ်နာတဲ့ ပြည်သူတွေဆီရောက်ဖို့ ဆွေးနွေးတာလို့ သံလွင်တိုင်းမ်ကို စာနဲ့အကြောင်းပြန်ပါတယ်။
“အဓိကကတော့ အမေရိကန်အပါအဝင် လူသားစာနာထောက်ထားမှု အကူအညီပံ့ပိုးရေးကိစ္စပေါ့။ အဲဒီအထောက်အပံ့ကို နည်းမှန်လမ်းမှန်နဲ့ တကယ့်နစ်နာတဲ့ ပြည်သူဆီရောက်ဖို့ ဆွေးနွေးတာပါ။ ပြောရရင် Cross Border Assistance ပေါ့။ နောက် ၇၉ နှစ်မြောက် တပ်မတော်နေ့မှာ မအလရဲ့ မိန့်ခွန်းအပေါ် ကျွန်တော်တို့ဘက်က အမြင်တွေဖလှယ်ကြတာပေါ့”လို့ ဆိုပါတယ်။
အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံနဲ့ တွေ့ဆုံခဲ့ကြတဲ့ K3C အဖွဲ့ထဲက ကရင်အမျိုးသားအစည်းအ ရုံး KNU ပြောရေးဆိုခွင့်ရှိသူထံ သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းပြန်ခြင်း မရှိခဲ့ပါဘူး။
ဒါ့အပြင် ကချင်လွတ်မြောက်ရေးတပ်မတော် KIA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ K3C နဲ့ အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံတို့ တွေ့ဆုံမှုကို လူမှုကွန်ရက်ပေါ်က သတင်းလောက်သာသိရပြီး ဗဟိုကော်မတီကနေ ဘာမှမကြားမိဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်တတိယပတ်အတွင်း Burma Act ဥပဒေအရ မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၁၂၁ သန်းထောက်ပံ့ဖို့ ၂၀၂၄ ခုနှစ် အမေရိကန်အစိုးရအသုံးစရိတ်ကို အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် နှစ်ခုစလုံးကအတည်ပြုပြီး သမ္မတဂျိုးဘိုင်တန်က လက်မှတ်ရေးထိုးခဲ့တာပါ။
မြန်မာနိုင်ငံအတွက် ဘတ်ဂျက်ခွဲဝေရေး အတည်ပြုပြီး ရက်ပိုင်းအတွင်း အမေရိကန်နိုင်ငံခြားရေး အတိုင်ပင်ခံနဲ့ K3C တို့ တွေ့ဆုံခဲ့ကြတာဖြစ်ပြီး Burma Act ဥပဒေအရ စစ်လက်နက်မဟုတ်တဲ့ နည်းပညာအကူအညီတွေကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို ထောက်ပံ့ပေးဖို့ ဖြစ်ပါတယ်။
ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ အမျိုးသားအတိုင်ပင်ခံကောင်စီ NUCC ၊ ပြည် ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH နဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ပြုလုပ်သူတွေကိုလည်း ထောက်ပံ့ပေးဖို့ ရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Twitter