မြဝတီ၊ ဧပြီ ၆

ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ စစ်ကောင်စီရဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ စစ်ဗျူဟာအခြေချ သင်္ဃန်းညီနောင်စခန်းသိမ်းတိုက်ပွဲမှာ အရာရှိတွေ၊ တပ်ဖွဲ့ဝင်တွေနဲ့ တပ်မိသားစုဝင် ၆၀၀ ကျော် လက်နက်ချ အညံ့ခံခဲ့တယ်လို့ KNU ဗဟိုက ဒီနေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ဗျူဟာအခြေချ သင်္ဃန်းညီနောင်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဧပြီ ၅ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်မှာ စတင်တိုက်ခိုက်ခဲ့ပြီး နေ့လည် ၁ နာရီအချိန်ခန့်မှာ ဗျုဟာတစ်ခုလုံး အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရာရှိအဆင့် ၆၇ ဦး၊ အခြားနဲ့ တပ်သားအဆင့် ၄၁၀  ဦး၊ စုစုပေါင်း ၄၇၇ ဦး လက်နက်ချ အညံ့ခံခဲ့ပြီး ရဲမေ ၅၉ ဦးနဲ့ တပ်မိသားစုဝင် ၈၁ ဦး၊ စုစုပေါင်း ၁၄၀ ဦး လက်နက်ချ ဝင်ရောက်လာခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

၁၉၆၈ ခုနှစ်ကနေ နှစ်ပေါင်း ၅၆ နှစ်ကြာ တပ်စွဲထားတဲ့ သင်္ဃန်းညီနောင်စစ်ဗျူဟာစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီထံကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ခဲယမ်းမီးကျောက်မြောက်များစွာကို သိမ်းပိုက်ရရှိခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

သင်္ဃန်းညီနောင်စစ်ဗျူဟာ သိမ်းပိုက်ရခြင်းမှာ နယ်မြေတွင်း နေထိုင်ကြတဲ့ ကရင်လူမျိုးနဲ့ အခြားလူမျိုးတွေရဲ့ စီးပွားရေး၊ ပညာရေး၊ လူမှုရေးတွေ ထိခိုက်ကျဆင်းစေတဲ့အပြင် ရိုးရာယဉ်ကျေးမှုတွေ ပျက်စီးပျောက်ကွယ်စေတာ၊ အထူးသဖြင့် အကြောက်တရားနဲ့ နေထိုင်နေရတဲ့ လူသားတွေရဲ့ ဘဝလုံခြုံမှုကင်းမဲ့ရမှု ဖြစ်ပေါ်စေခြင်းကြောင့် ဖြစ်တယ်လို့ KNU က အသိပေးထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.