ကိဗ်၊ ဧပြီ ၇

ရုရှားတောင်ပိုင်းရှိ ပစ်မှတ်တွေကို ယူကရိန်းက ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပြီး ရော့စတော့ဗ်ဒေသ အခြေစိုက် ရုရှားလေတပ်စခန်းက လေယာဉ် ၆ စီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

ဒရုန်းတွေနဲ့ တိုက်ခိုက်မှုကြောင့် အခြေစိုက်စခန်းက စစ်မှုထမ်း ၂၀ ဝန်းကျင် ထိခိုက်သေဆုံးတာ တွေရှိခဲ့ပြီး နောက်ထပ်လေယာဉ် ၈ စီး ဆိုးဆိုးရွားရွားပျက်စီးသွားတယ်လို့ ယူကရိန်းစစ်တပ်က ဆိုထားတာပါ။

ရှေ့တန်းစစ်မျက်နှာတွေမှာ အသုံးပြုနေတဲ့ Su-27နဲ့ Su-34 လေယာဉ်တွေ စခန်းချရာ ရုရှား လေတပ်အခြေစိုက်စခန်းကို တိုက်ခိုက်ခဲ့တာဖြစ်တဘ်လို့ လုံခြုံရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ရုရှားကျူးကျော်စစ်မှာ နှစ်နိုင်ငံလုံးက ဒရုန်းအသုံးပြုတိုက်ခိုက်နေပြီး ရုရှားဘက်ကတော့ အီရန် ဒရုန်းတွေကို အသုံးပြုနေသလို ယူကရိန်းက ဒရုန်းလေယာဉ်တွေအပြင် ပင်လယ်နက်ရှိ ရုရှား ရေတပ် သင်္ဘောတွေကို တိုက်ခိုက်ဖျက်ဆီးရေး ဒရုန်းဘုတ်တွေလည်း အသုံးပြုနေတာပါ။

ယူကရိန်းအသုံးပြုတဲ့ ဒရုန်းတွေဟာ ပြည်တွင်းအင်ဂျင်နီယာတွေက ဈေးပေါပေါနဲ့ ထုတ်လုပ် ထားတာဖြစ်ပြီး တိုက်ပွဲတွေမှာ ထိရောက်မှုရှိတယ်လို့ သိရပါတယ်။

ရုရှားရဲ့ စစ်ဘက်နဲ့ စွမ်းအင်အဆောက်အဦးတွေကို မကြာသေးခင်က ဒရုန်းတွေနဲ့ အရှိန်မြှင့် တိုက်ခိုက်မှုတွေ ပြုလုပ်ထားသေးတယ်လို့ ယူကရိန်းက အသိပေးထားပါတယ်။

ယူကရိန်းစစ်တပ်ဟာ ခဲယမ်းမီးကျောက်ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောထားပေမယ့် ဒီနှစ်မှာ ဒရုန်းသန်းနဲ့ချီထုတ်လုပ်သွားဖို့ရှိတယ်လို့ ကြွေးကြော်ထားပါတယ်။

ဒါ့အပြင် ဧပြီလ ၂ ရက်နေ့ကလည်း ယူကရိန်း ဒရုန်းတွေဟာ ရုရှားပိုင်နက်ထဲက ဒရုန်းထုတ်လုပ်ရေး စက်ရုံနဲ့ ရေနံသန့်စင်စက်ရုံတစ်ခုတို့ကို တိုက်ခိုက်ဖျက်ဆီးထားတယ်လို့ သိရပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.