မြဝတီ၊ ဧပြီ ၆

ကရင်ပြည်နယ် မြဝတီမြို့ရှိ စစ်ကောင်စီရဲ့ ခလရ ၂၇၅ တပ်ရင်းဌာနချုပ်ကို KNLA ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ မိသားဝင် ရာချီ လက်နက်ချအညံ့ခံခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

နယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့ အခြေစိုက် ခလရ ၂၇၅ တပ်ရင်းဌာနချုပ်ကို ဧပြီ ၅ ရက်နေ့ကစလို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်  KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့တာပါ။

ဧပြီ ၆ ရက်နေ့မှာတော့ ခလရ ၂၇၅ တပ်ရင်းဌာနချုပ်မှာရှိတဲ့ တပ်ဖွဲ့ဝင်နဲ့ တပ်မိသားစုဝင် ၄၀၀ ဝန်းကျင် လက်နက်ချအညံ့ခံပြီး တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်ရရှိသွားပြီဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒါ့အပြင် ဧပြီ ၅ ရက်နေ့က သင်္ဃန်းညီနောင်အခြေစိုက် စစ်ကောင်စီဗျူဟာကုန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ အပြီးပိုင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ကြီး ၁၂၂ မမ ၂ လက်၊ ၁၂၀ မမ ၂ လက် အပါအဝင် အခြားလက်နက်ကြီးလက်နက်ငယ်ပေါင်းများစွာကို သိမ်းဆည်းရခဲ့တယ်လို့ KNLA ဗဟိုက ဧပြီ ၆ ရက်နေ့မှာ တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။

သင်္ဃန်းညီနောင်ဗျူဟာတိုက်ပွဲအတွင်းက စစ်ကောင်စီနဲ့ မိသားစုဝင်အများအပြားဟာ လက်နက်ခဲယမ်းတွေနဲ့အတူ ရွှေကုက္ကိုမြို့သစ်ကို ဧပြီ ၆ ရက်ညပိုင်းမှာ ရောက်ရှိလာခဲ့တယ်လို့လည်း BGF သတင်းရင်းမြစ်ထံကနေ သိရပါတယ်။

ဗျူဟာနဲ့ တပ်ရင်းတွေ တိုက်ခိုက်သိမ်းပိုက်ခံထားရတဲ့ စစ်ကောင်စီတပ်ဟာ မြဝတီမြို့အနီးနဲ့ သင်္ဃန်းညီနောင်ဒေသထဲကို လေကြောင်းတိုက်ခိုက်မှုတွေ အပြင်းအထန် ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.