မော်လမြိုင်၊ ဧပြီ ၆

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် စစ်ရှောင်ဒုက္ခသည် စံချိန်တင်မြင့်တက်လာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က ဧပြီ ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းဖြစ်စဉ်နောက်ပိုင်း ပဋိပက္ခနဲ့မလုံခြုံမှုတွေကြောင့် အိုးအိမ်စွန့်ခွာရတဲ့ စစ်ရှောင်ဒုက္ခသည် ၂ ဒသမ ၅ သန်းကျော် စံချိန်တင်မြင့်လာခဲ့ပြီး လူဦးရေ ၂ ဒသမ ၈ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ UNOCHA က ဆိုပါတယ်။

နိုင်ငံအနှံ့ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတာကြောင့် အရပ်သားထိခိုက်မှုအန္တရာယ်ပိုမိုမြင့်တက်လျက်ရှိကာ ရှိရင်းစွဲအခြေအနေကပင် ဆိုးရွားလျက်ရှိတဲ့ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေ ပိုမိုဆိုးရွားလာစေတယ်လို့ အသိပေးထားပါတယ်။

ကချင်ပြည်နယ်မှာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ပြီးခဲ့တဲ့ မတ် ၇ ရက်နေ့ ထိုးစစ်စတင်ခဲ့စဉ်ကစပြီး လူဦးရေ ၁၈,၀၀၀ ကျော်ဟာ ၁၀ မြို့နယ်အတွင်း အိုးအိမ်စွန့်ခွာတိမ်းရှောင်လျက်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

နိုင်ငံအနောက်မြောက်ဘက်မှာ ဆက်လက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်ရှိ အရပ်သားတွေအပေါ် ပြင်းထန်စွာထိခိုက်လျက်ရှိပြီး ခန့်မှန်းခြေ အရပ်သား ၂၈,၀၀၀ နီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မွန်ပြည်နယ်မှာလည်း ပြီးခဲ့တဲ့ မတ် ၂၄ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ကျိုက်မရောမြို့ နယ်က ဒေသခံပြည်သူတွေ ၆၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး နေအိမ် ၄၀၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MSFC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.