မော်လမြိုင် ၊ ဧပြီ ၇
မွန်ပြည်နယ် မော်လမြိုင်မြို့ အနီးရှိ မုဒုံမြို့နယ် ကော့ပရံကျေးရွာမှာ တည်ဆောက်မယ့် နိုင်ငံတကာအဆင့်မီ လေဆိပ်စီမံကိန်း လာရောက်စစ်ဆေးတဲ့ ဗိုလ်ချုပ်ကြီး မြထွန်းဦးနဲ့အဖွဲ့ ဒရုန်းနဲ့တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဧပြီ ၆ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ် ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းနဲ့ စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် ဌာနဆိုင်ရာတာဝန်ရှိသူတွေက လေဆိပ်စီမံကိန်းကို ရောက်ရှိလာခဲ့တာပါ။
အဲဒီနောက်လေဆိပ်စီမံကိန်းရဲ့ ယာယီရှင်းလင်းဆောင်မှာ စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာတွေက လေဆိပ်စီမံကိန်း နဲ့ပတ်သက်ပြီး ရှင်းလင်းတင်ပြနေစဉ် မနက် ၁၀ နာရီ ဝန်းကျင်ခန့်မှာ ဒရုန်းနဲ့တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် လေဆိပ်စီမံကိန်းရဲ့ယာယီရှင်းလင်းဆောင်အနီး ကိုက် ၁၀၀ ခန့် အကွာမှာ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး လူနဲ့အဆောက်အဦးတွေတော့ ထိခိုက်မှုမရှိဘူးလို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက ပြောဆိုကြပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
အဲဒီဖြစ်စဉ်ပြီးနောက် ဗိုလ်ချုပ်ကြီး မြထွန်းဦးနဲ့အဖွဲ့ဟာ ချက်ချင်းဆိုသလို မော်လမြိုင်မြို့ထံ ပြန် လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပြီး စီမံကိန်းနဲ့မြို့တွင်းနေရာတွေမှာ ပိတ်ဆို့ရှာဖွေစစ်ဆေးတာတွေနဲ့ လုံခြုံရေးတင်းကျပ်ထားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်တွေအရ သိရှိရပါတယ်။
စစ်ကောင်စီခန့် ပြည်ထောင်စုဝန်ကြီးနဲ့အဖွဲ့ ဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး တော်လှန်ရေး အင်အားစုအဖွဲ့တွေက လက်ရှိအချိန်အထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
စစ်ကောင်စီဟာ မော်လမြိုင်မြို့အနီးမှာ နိုင်ငံတကာအဆင့်မီလေဆိပ်နဲ့ ဆိပ်ကမ်းဆောက်လုပ်ဖို့ဆိုပြီး ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ စစ်ကောင်စီခန့် ပြည်ထောင်စုဝန်ကြီးတွေ ပါဝင်တဲ့ စီမံကိန်းအကောင်အထည်ဖော်ရေး ကြီးကြပ်မှုဗဟိုကော်မတီကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
မော်လမြိုင်မြို့မှာတော့ ပြီးခဲ့တဲ့ မတ် ၂၄ ရက်နေ့ကလည်း မော်လမြိုင်လေဆိပ်နဲ့ စစ်ကောင်စီက တည်ဆောက်နေတဲ့ တိုင်းရင်းသားယဉ်ကျေးမှုစင်တာဝင်း ဒရုန်းနဲ့တိုက်ခိုက်ခံခဲ့ရပြီး လေယာဉ်ပြေးလမ်းအနည်းငယ် ထိခိုက်မှုရှိခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့လပိုင်းအတွင်းကလည်း မော်လမြိုင်မြို့အခြေစိုက် စစ်ကောင်စီရဲ့ အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ ဝန်ကြီးအိမ်ရာအပါအဝင် အကျဉ်းထောင်တချို့ကိုလည်း တော်လှန်ရေးအင်အား စုပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့တိုက်ခိုက်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI