ဘူးသီးတောင်၊ ဧပြီ ၆

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၅၆၄ ခြေမြန်တပ်ရင်းဌာန ချုပ်ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က ဧပြီ ၅ ရက်နေ့ ညပိုင်းမှာ သ တင်းထုတ်ပြန်ပါတယ်။

ခမရ ၅၆၄ တပ်ရင်းဌာနချုပ်ကို ရက္ခိုင့်တပ်တော် AA က ပြီးခဲ့တဲ့ ဧပြီ ၁ ရက်နေ့မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၅ ရက်မြောက်နေ့ဖြစ်တဲ့ ဧပြီ ၅ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်မှာ တပ် ရင်းဌာနချုပ်တစ်ခုလုံး အပြီးသတ်သိမ်းပိုက်ရရှိခဲ့တာပါ။

အဲဒီတပ်ရင်းဌာနချုပ်အား စစ်ကောင်စီကနေ ကြည်းနဲ့လေတပ်တွေ အသည်းအသန် ပူးပေါင်းခုခံကာကွယ်ခဲ့ပေမယ့် AA ရဲ့ ဗျူဟာမြောက်ထိုးစစ်ကို မယှဉ်နိုင်ဘဲ ရက္ခိုင့်တပ်တော်လက်အောက်သို့ ကျရောက်ခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ကျော် သေဆုံးပြီး လက်နက်ခဲယမ်းတွေ စစ်အသုံး အဆောင်ပစ္စည်းအများအပြား သိမ်းဆည်းရရှိခဲ့ကာ ရက္ခိုင့်တပ်တော်ဘက်ကလည်း ထိခိုက်သေ ဆုံးတာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၅ ရက်နေ့ကလည်း ရက္ခိုင့်တပ်တော် AA ဟာ ဘူးသီးတောင်အခြေစိုက် ခမရ ၅၅၂ တပ်ရင်းနဲ့ တောင်ဘဇာစခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

ရက္ခိုင့်တပ်တော် AA ဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရခိုင်ပြည်နယ်က မြို့ ၈ မြို့၊ ချင်းပြည်နယ်က ပလက်ဝ မြို့အပါအဝင် မြို့ ၉ မြို့အထိ သိမ်းပိုက်ရရှိထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.