ဂျီနီဗာ၊ ဧပြီ ၇

ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေကျူးလွန်နေတဲ့ မြန်မာစစ်ကောင်စီအား ဖိအားပေးဖို့ အစီစဉ်တွေကို ကုလသမဂ္ဂထိပ်သီးလူ့အခွင့်အရေးအဖွဲ့က ဧပြီ ၄ ရက်နေ့မှာ သဘောတူလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ကလေယာဉ်အသုံးပြုပြီး လူ့အခွင့်အရေးချိုးဖောက်နေတဲ့အတွက် လေယာဉ်ဆီတင်ပို့မှုနဲ့ ရောင်းချမှုတွေ မလုပ်ကြဖို့ အဖွဲ့ဝင် ၄၇ နိုင်ငံပါဝင်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက နိုင်ငံတကာအစိုးရအဖွဲ့တွေကို တိုက်တွန်းခဲ့တာပါ။

လူ့အခွင့်အရေးကောင်စီက မြန်မာနိုင်ငံကို တရားမဝင်လက်နက်၊ခဲယမ်းမီးကျောက်တွေနဲ့ တခြားစစ်သုံးပစ္စည်းတွေ ပေးပို့နေတာကို ရပ်တန့်ကြဖို့လည်း ပြောထားပါတယ်။

စစ်ကောင်စီဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဒီမိုကရေစီလိုလားတဲ့ အဖွဲ့တွေကို တိုက်ခိုက်ရာမှာ ရှုံးပွဲအလီလီကြုံနေရချိန်မှာ အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေကို အရှိန်မြှင့်ပြုလုပ်လာနေတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကလည်း မြန်မာနိုင်ငံကို တရားမဝင်လေယာဉ်ဆီတင်ပို့မှုတွေ ရှိနေပြီး သင်္ဘောနဲ့ ကုန်တင်ပို့မှုစာရင်းတွေအရ လေယာဉ်ဆီတင်ပို့မှု အပိုင်းမှာ အရေးယူပိတ်ဆို့ မှုတွေကို ရှောင်ရှားပြီး တင်ပို့ဖို့ကြိုးပမ်းနေတဲ့ အထောက်အထားတွေတွေ့ရတယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံကို လေယာဉ်ဆီသင်္ဘောနဲ့တင်ပို့မှု အနည်းဆုံး ၇ ကြိမ်ရှိခဲ့ပြီး ဗီယက်နမ်က သိုလှောင်ရုံတစ်ခုတိုက်ရိုက် ပါဝင်နေတယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ပြောပါသေးတယ်။

လက်ရှိကောင်စီအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဗီယက်နမ်ဟာ ကောင်စီရဲ့ ဘုံသဘောတူညီချက်အတိုင်း မရပ်တည်ဘူးလို့ သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေနဲ့ စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ မြန်မာစစ်ကောင်စီကို လေယာဉ်ဆီ ထောက်ပံ့နေတဲ့ လုပ်ရပ်ဟာ လက်မခံနိုင်စရာ ဖြစ်တယ်လို့ ကုလသမဂ္ဂက အသိပေးထားပါတယ်။

Ref:AP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.