မြဝတီ၊ ဧပြီ ၅
ကရင်ပြည်နယ် မြဝတီမြို့အနီး သင်္ဃန်းညီနောင်အခြေစိုက် စစ်ကောင်စီ ခမရ ၃၅၇ တပ်ရင်း နဲ့ ဗျူဟာကုန်းတို့ကို KNLA တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီလို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။
သင်္ဃန်းညီနောင်ဒေသမှာ ကျန်ရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ဗျူဟာကုန်းနဲ့ ခမရ ၃၅၇ တပ်ရင်းတို့ကို KNLA တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ ဧပြီ ၅ ရက်နေ့ မနက်အစောပိုင်းကတည်းက အပြင်းအထန် ထိုးစစ်တိုက်ခိုက်ပြီးနောက် သိမ်းပိုက်ရရှိခဲ့တာပါ။
တော်လှန်ရေးသတင်းရင်းမြစ်တွေရဲ့ ပြောဆိုဖော်ပြချက်အရ သင်္ဃန်းညီနောင်အခြေစိုက် စစ်ကောင်စီတပ်ရင်း ၃၅၇ နဲ့ ဗျူဟာကုန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး မြဝတီမြို့ ရှိ ခလရ ၂၇၅ တပ်ရင်းကို ဆက်လက်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
သင်္ဃန်းညီနောင် စစ်ဗျူဟာ ကျသွားတဲ့အကြောင်းကိုလည်း မြဝတီမြို့မှာနေထိုင်တဲ့ စစ်တပ်ထောက်ခံသူတွေကလည်း အတည်ပြုဖော်ပြထားပါတယ်။
သင်္ဃန်းညီနောင် စစ်အခြေချဗျူဟာသိမ်းပိုက်ခံရတဲ့ စစ်ကောင်စီတပ်ဟာ ဒီနေ့တစ်နေ့လုံးနီးပါး လေကြောင်းတိုက်ခိုက်မှုတွေ အပြင်းအထန် လုပ်ဆောင်နေပြီး အရပ်သားပြည်သူထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။
သင်္ဃန်းညီနောင် သိမ်းပိုက်ခံရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီအပြင် KNLA တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက လက်ရှိအချိန်အထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာတွေ မရှိသေးပါဘူး။
သင်္ဃန်းညီနောင်အခြေစိုက် ခမရ ၃၅၅ ခမရ ၃၅၆ တပ်ရင်းနဲ့ နယ်မြေရဲစခန်းတို့ကို ပြီးခဲ့တဲ့ မတ်လကတည်းက KNLA တော်လှန်ရေးပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်ရရှိထားသလို ခမရ ၃၅၅ ထံ စစ်ကူလာတဲ့ စစ်ကောင်စီ စစ်ကူတပ်ကို တိုက်ခိုက်ရာမှာလည်း စစ်ကောင်စီတပ်ဘက်က ၂၀ ကျော် သေဆုံးပြီး လက်နက်ခဲယမ်းအများအပြား သိမ်းပိုက်ရရှိထားတယ်လို့ KNU တပ်မဟာ ၆ က ထုတ်ပြန်အသိပေးထားပါတယ်။
သင်္ဃန်းညီနောင်တိုက်ပွဲကြောင့် သင်္ဃန်းညီနောင်အပါအဝင် ဖားချောင်း ရွာသစ် မြို့သစ် မဲကနယ် ဝှေ့ရှမ်း ပေါလောသံပုရာ စတဲ့ ကျေးရွာတွေက ဒေသခံပြည်သူလူထုတွေ အများအပြား ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှူကြောင့် အရပ်သား ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ပုံစာ – သင်္ယန်းညီနောင်အခြေစိုက် ခမရ ၃၅၅ တပ် သိမ်းပိုက်ရရှိစဉ်။