ဘီးလင်း၊ ဧပြီ ၆

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ခရီးသည်တင် ယာဉ် တစ်စီး မိုင်းဆွဲပစ်ခတ်ခံရတာကြောင့် ယာဉ်နောက်လိုက်တစ်ဦး သေဆုံးပြီး ယာဉ်မောင်းအပါအဝင် ခရီးသည် လေးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီ ၄ ရက်နေ့ ည ၉ နာရီအချိန်ခန့်က မော်လမြိုင်ကနေ ရန်ကုန်ဘက်ကို မောင်းနှင်းလာတဲ့ “အောင်ကျော်မိုး”ခ ရီးသည်ယာဉ်ဟာ ကားလမ်းမိုင်တိုင်အမှတ် ၁၃၁/၁ နဲ့ ၁၃၁/၂ ကြားအရောက်မှာ မိုင်းဆွဲပစ်ခတ်ခံခဲ့ရတာပါ။

ခရီးသည်ယာဉ် မိုင်းဆွဲပစ်ခတ်ခံရတဲ့အတွက် ယာဉ်နောက်လိုက်ဖြစ်သူ ကိုဇင်ကိုလတ်ဟာ လည်ပင်းကျည် ဖောက်ဝင် ဒဏ်ရာနဲ့နေရာမှာပဲသေဆုံးခဲ့ပြီး ယာဉ်မောင်းအပါအဝင် အမျိုးသားသုံးဦးနဲ့ အမျိုးသမီးတစ်ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ “အောင်ကျော်မိုး”ခရီးသည်ယာဉ်ဟာ အရင်ဆုံးမိုင်းခွဲခံရပြီး လက်နက်ငယ် တွေနဲ့ပါ ထပ်မံပစ်ခတ်ခံရတဲ့အတွက် ခရီးသွားပြည်သူတွေ ထိခိုက်သေဆုံးတာတွေ ဖြစ်ပေါ်ခဲ့တာပါ။

ခရီးသည် ၄၅ ဦးလိုက်ပါလာတဲ့ “အောင်ကျော်မိုး”ခရီးသည်ယာဉ်ဟာ မိုင်းဆွဲပစ်ခတ်ခံရတာကြောင့် ကားဘေး မှန်တွေ ထိခိုက်ပျက်စီးခဲ့သလို ကားကိုယ်ထည်မှာလည်း မိုင်းစဖောက်ဝင် ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ခရီးသည်ယာဉ် မိုင်းဆွဲပစ်ခတ်ခံရတာကြောင့် ထိခိုက်သေဆုံးသွားတဲ့သူတွေကို သိမ်ဆိပ်နဲ့ သထုံခရိုင်ပြည်သူ့ ဆေးရုံထံ ပို့ဆောင်ပြီးနောက် ကျန်ခရီးသည်တွေနဲ့ ရန်ကုန်ဘက်ကို ဆက်လက်ထွက်ခွာသွားတယ်လို့ သိရပါ တယ်။

ခရီးသည်ယာဉ် မိုင်းဆွဲပစ်ခတ်ခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး လက်ရှိအချိန်အထိ စစ်ကောင်စီအပြင် တော်လှန် ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက တစ်စုံတစ်ရာသတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့ မတ် ၂၇ ရက်နေ့ကလည်း ဘီးလင်းနဲ့သထုံမြို့နယ်အစပ် ကမာစိုင်ကျေးရွာ ရန်ကုန်-မော်လမြိုင်လမ်း ပေါ်မှာ သထုံအခြေစိုက် အကြင်နာတွဲလက် ပရဟိတအသင်းကားပစ်ခတ်ခံရပြီး ယာဉ်မောင်းနဲ့လူနာဖြစ်သူတို့ ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-SAC Telegram

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.