တနင်္သာရီ၊ ဧပြီ ၅
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာအခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၅၆၁ ခြေမြန်တပ်ရင်း ဒရုန်းနဲ့ တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့တယ်လို့ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
ခမရ ၅၆၁ တပ်ရင်းကို ဧပြီ ၄ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်မှာ ဒရုန်းနဲ့ ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး ည ၇ နာရီကျော်ခန့်မှာ နောက်ထပ် ဗုံး ၂ လုံးချပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
“စကစ တပ်ရင်းထဲမှာ ကတုတ်ကျင်းတွေ တူးထားတာရှိတယ်။အဲထဲမှာ စကစ အဖွဲ့ဝင်တွေ ကင်းစောင့်တာရှိတယ်။ အဲနေရာတွေကို ဒရုန်းဗုံးချ တိုက်ခိုက်ခဲ့တာ။ ကတုတ်ကျင်းတွေပေါ်တွေ ကျရောက်ပေါက်ကွဲခဲ့တယ်”လို့ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရှိခဲ့တယ်လို့ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့ဘက်က အတည်ပြုပြောဆိုထားပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။
ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဘက်က ဒရုန်းတွေကို လိုက်လံပစ်ခတ်တာတွေရှိပေမယ့် ဒရုန်းတွေအပျက်အစီးမရှိဘဲ ပြန်သိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း – ၁ အဖွဲ့ဝင်တွေဖြစ်တဲ့ မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ ) ၊ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နဲ့ADF ဒရုန်းအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။
ပြီးခဲ့တဲ့ ဧပြီ ၂ ရက်နေ့ကလည်း တနင်္သာရီအခြေစိုက် ခမရ ၅၆၁ တပ်ရင်းနဲ့ ညောင်ပင်ကွင်းတံတားရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် တိုက်ခိုက်ခံရလို့ စစ်ကောင်စီဘက်က ၃ ဦးသေဆုံးခဲ့သေးတာဖြစ်ပါတယ်။
သတင်း -သံလွင်တိုင်းမ်
ဓာတ်ပုံ – ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့