မော်လမြိုင် ၊ ဧပြီ ၆

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မော်လမြိုင်မြို့ထံ လာရောက်တိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေ အစားအသောက် မလုံလောက်မှုနဲ့ ကြုံတွေ့နေရပြီး အကူအညီတောင်းခံနေကြတယ်လို့ စစ်ရှောင်အရေး ကူအညီနေသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၄ ရက်နေ့ကစတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဂျိုင်းမြစ်ဒေသတွင်းရှိ ကော့ဘိန်း၊ ကော့ပေါက်၊ ဘုရားကြီး၊ ဓမ္မသ၊ သံကလောင်၊ တရနာနဲ့ ကော့သပ်အပါအဝင် အနီးအနားရှိကျေးရွာတွေက ဒေသခံပြည်သူ ထောင်နဲ့ချီ စစ်ဘေးရှောင်ခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီထဲက စစ်ရှောင်ပြည်သူတွေ ၁၀၀၀ ကျော်ဟာ မော်လမြိုင်မြို့ရှိ ဘုန်းကြီးကျောင်း ၂၁ ကျောင်းနဲ့ နီးစပ်ရာဆွေမျိုးနေအိမ်တွေကို တိမ်းရှောင်လာကြတယ်လို့ မွန်ပြည်နယ် စစ်ကောင်စီရဲ့ အချက် အလက်အရ သိရပါတယ်။

စစ်ဘေးရှောင်သူတွေကို ဘုန်းကြီးကျောင်းတွေနဲ့ နီးစပ်ရာ အလှူရှင်တွေက အစားအသောက်တွေ လာရောက်ကျွေးမွေးလှူဒါန်းပေမယ့် ကာလအနည်းငယ် ကြာလာတဲ့အတွက် အစားအသောက် လိုအပ်ချက်တွေ ရှိလာခဲ့တာပါ။

စစ်ရှောင်အရေးကူညီနေသူတစ်ဦးက နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ရှောင်ပြည်သူတွေဟာ အစားအစာအခက်အခဲတွေကြောင့် အကူအညီတောင်းခံတာတွေ ရှိလာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါ တယ်။

“အိမ်ပြန်ဖို့လည်း အခုကတော့ စစ်ဖြစ်နေတော့ ပြန်လို့မရသေးတဲ့လူတွေရှိတယ်။ သူတို့ အိမ်ပြန်ချင်တာပေါ့။ ဟိုမှာ စားသောက်ဖို့ နည်းနည်းခက်ခဲတယ်။ မနေ့က တစ်နေရာကတော့ အယောက် ၁၀၀ လောက်ရှိတော့ သူတို့စားသောက်ဖို့ မရှိတော့ ကျွန်တော့်ဆီဖုန်းဆက်တယ်။ ကျွန်တော်က တော့ရှိတဲ့ များတဲ့နေရာက ပြန်မျှပေးတာပေါ့။ ဒီမနက်ကတော့ နောက်တစ်နေရာက ဖုန်းဆက်လာတယ်။ ဖုန်းဆက်လာပြီးတော့ ဟိုမှာ စားသောက်ဖို့အတွက် သူတို့အကူအညီ တောင်းလာတယ်”လို့ ဆိုပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေဟာ လက်ရှိမှာတော့ နေရပ်တွေကို မပြန်နိုင်သေးတဲ့အတွက် အလှူရှင်တွေကိုအားကိုးပြီး နေထိုင်နေရတာကြောင့် စစ်ဘေးရှောင်ကာလ ရှည်ကြာလာတာနဲ့အမျှ အစားအ သောက် လိုအပ်ချက်ပြဿနာ ကြီးမားလာနိုင်တယ်လို့ သူကဆက်ပြောပါတယ်။

လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကလည်း စစ်ဘေးရှောင်တွေကို ဘုန်းကြီးကျောင်းတွေမှာ ချက်ကျွေးတာတွေ လုပ်ဆောင်နေပေမယ့် စားနပ်ရိက္ခာလိုအပ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ပြောပါတယ်။

“လတ်တလောကတော့ စားနပ်ရိက္ခာပေါ့နော်။ ဟင်းသီးဟင်းရွက်တို့၊ အသားငါးတို့။ ပြီးတော့ ဆန်၊ ဆီပေါ့၊ အဲဒါလေးတွေက လတ်တလော ဖြေရှင်းနေရတဲ့ကိစ္စပေါ့ဗျာ။ လက်ရှိကတော့ အဲဒါပဲအဓိ ကပေါ့။ ဘုန်းကြီးကျောင်းတွေက သူ့ဘာသူချက်ကျွေးတာကို။ ချက်ကျွေးတဲ့အခါကျတော့ လက်ရှိအဲဒါလေးတွေ လိုအပ်တာပေါ့”လို့ ဆိုပါတယ်။

ကျိုက်မရောစစ်ရှောင်တွေဟာ မော်လမြိုင်၊ ချောင်ဆုံး၊ ပေါင်နဲ့ ဘားအံမြို့နယ်တို့မှာ အများဆုံး တိမ်းရှောင်လာကြပြီး သူတို့ကိုတော့ ပြည်သူတွေအချင်းချင်း ရိုင်းပင်းကူညီတာတွေ လုပ်ဆောင်ပေမယ့် ရေရှည်မှာစားနပ်ရိက္ခာအတွက် အခက်အခဲကြီးကြီးမားမား ကြုံလာနိုင်တယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေက ဆိုကြပါတယ်။

ကော့ဘိန်းရဲစခန်းသိမ်းပိုက်ခံရတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မတ် ၂၇ ရက်နေ့ကစလို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဓမ္မသကျေးရွာကို ကြည်း၊ ရေ၊ လေ ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တဲ့အတွက် နေအိမ် ၄၀၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့တာပါ။

မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ရဲ့ ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဂျိုင်းမြစ်ဒေသတွင်းက ဒေသခံ ၆၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နိုင်ငံတဝန်းမှာ နေရပ်စွန့်ခွာတိမ်းရှောင်ရသူ ၂ ဒသမ ၈ သန်းအထိ စံချိန်မြင့်တက်လာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က ဧပြီ ၅ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.