ဘရပ်ဆဲလ်၊ ဧပြီ ၄

ယူကရိန်းနိုင်ငံအတွက် ၅ နှစ်တာ စစ်ရေး ရန်ပုံငွေ ယူရို ၁၀၀ ဘီလျံ ပေးဖို့အဆိုပြုချက် အပါအဝင် ယူကရိန်းကို စစ်ရေးအကူအညီပေးနိုင်မယ့် နည်းလမ်းတွေနဲ့ ပတ်သက်ပြီး နေတိုးအဖွဲ့ဝင် ဝန်ကြီးတွေ ဆွေးနွေးနေကြတယ်လို့ သိရပါတယ်။

နေတိုးမဟာမိတ်အဖွဲ့အနေနဲ့ လက်နက်ထောက်ပံ့ရေးပူးပေါင်းဆောင်ရွက်ရာမှာ ပိုပြီးတိုက်ရိုက်ကျတဲ့ အခန်းကဏ္ဍက ပါဝင်လာနိုင်မှာဖြစ်တယ်လို့ အတွင်းရေးမှူးချုပ် ဂျန်စတိုးလ်တန်ဘာ့ဂ်က အဆိုပြုထားတယ်လို့ သံတမန်တွေက ဆိုပါတယ်။

မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့လို့ခေါ်တဲ့ နေတိုးအဖွဲ့တည်ထောင်မှု ၇၅ နှစ်မြောက်နေ့အဖြစ် ဘရပ်ဆဲလ်မြို့မှာ နှစ်ရက်ကြာကျင်းပတဲ့ ဆွေးနွေးပွဲအတွင်း ဆွေးနွေးသွားမှာဖြစ်ပြီး လာမယ့် ဇူလိုင်လအတွင်းမှာလည်း ဝါရှင်တန်မှာ နေတိုးအဖွဲ့ဝင် ခေါင်းဆောင်တွေ အစည်းအဝေးကျင်းပ ဖို့ရှိနေတယ်လို့ သိရပါတယ်။

အမေရိကန်ရဲ့ ဒေါ်လာ ၆၀ ဘီလျံတန်ဖိုးရှိတဲ့ စစ်ရေးအကူအညီပေးပို့မယ့် အစီအစဉ်ဟာ လွှတ်တော်ကို မကျော်ဖြတ်နိုင်တဲ့အချိန်မှာ ယူကရိန်းကို ဥရောပမဟာမိတ်တွေက ဘယ်လိုကူညီပေးနိုင်မလဲဆိုတာကို ဒီအစည်းအဝေးမှာ ဆွေးနွေးကြမှာပါ။

ဒါ့အပြင် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရန့်အနိုင်ရခဲ့ပါက ယူကရိန်းကို အမေရိကန်ရဲ့ အကူအညီပေးပို့မှု ရပ်တန့်သွားနိုင်တာကြောင့် နေတိုးအဖွဲ့ဝင် ဝန်ကြီးတွေဟာ တခြားနည်းလမ်းကို ကြိုတင်ရှာဖွေနေကြတာပါ။

လက်ရှိအချိန်ထိ နေတိုးအဖွဲ့က ရုရှားနဲ့ထိပ်တိုက်တွေ့မှာကို စိုးရိမ်နေတဲ့အတွက် ယူကရိန်းကို လက်နက်မဟုတ်တဲ့ အကူအညီတွေဘဲ ပေးပို့နေပေမယ့် အဖွဲ့ဝင်နိုင်ငံတချို့ကတော့ နှစ်ဘက် သဘောတူညီမှုတွေနဲ့ ယူကရိန်းကို ဘီလျံချီတန်ဖိုးရှိတဲ့ လက်နက်တွေထောက်ပံ့ပေးနေတာဖြစ် ပါတယ်။

နေတိုးအဖွဲ့က သံချပ်ကာကားတွေ အဆင့်မြင့်လက်နက်တွေနဲ့ ယူကရိန်းကို ထောက်ပံ့ကူညီခဲ့ရင် ရုရှားသမ္မတ ပူတင်က သူတို့ကို လက်စားပြန်ချေလာနိုင်တယ်လို့လည်း တချို့က စိုးရမ်မှုတွေရှိ နေပါတယ်။

ယူကရိန်းအနေနဲ့ ရုရှားနဲ့ စစ်ခင်းနေချိန်မှာ နေတိုးအဖွဲ့ဝင်ဖြစ်မလာနိုင်ပေမယ့် တစ်ချိန်မှာတော့ ဖြစ်လာလိမ့်မယ်လို့ နေတိုးအဖွဲ့က အသိပေးထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.