နေပြည်တော် ၊ ဧပြီ ၄
ပြည်သူ့စစ်မှုထမ်းဥပဒေ အကြောင်းပြချက်နဲ့ ငွေကြေးနဲ့တခြားအခွင့်အရေးရယူတဲ့ ဝန်ထမ်းတွေနဲ့ အဖွဲ့အစည်းတွေကို အရေးယူသွားမယ်လို့ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောပါတယ်။
ဧပြီ ၂ ရက်နေ့က ဗထူးတပ်နယ်ရှိ အောင်ဆန်းခန်းမမှာ ခြေလျင်တပ်စုမှူးသင်တန်းသားတွေ၊ ဗိုလ် လောင်းတွေနဲ့ တွေ့ဆုံစဉ် ပြောဆိုခဲ့တာဖြစ်ပြီး ဘယ်လိုပုံစံတွေနဲ့ အရေးယူသွားမလဲဆိုတာ ပြောသွားခဲ့တာ မရှိပါဘူး။
ဒုစစ်ခေါင်းဆောင်က စစ်မှုထမ်းဥပဒေနဲ့ နည်းဥပဒေတွေကို မသိနားမလည်တဲ့သူတွေအပေါ် ခြိမ်း ခြောက်အကျပ်ကိုင်ကာ ငွေကြေးနဲ့တခြားအခွင့်အရေးတွေ ရယူအမြတ်ထုတ်လိုတဲ့သူတွေကို ဥပ ဒေနဲ့အညီ ဖော်ထုတ်အရေးယူဖို့ ညွှန်ကြားခဲ့တာပါ။
မွန်ပြည်နယ်နေ ပြည်သူတစ်ဦးကတော့ ဒုစစ်ခေါင်းဆောင်က ငွေကြေးတောင်းခံတာတွေ မလုပ်ဖို့ ပြောဆိုနေပေမယ့် ကျေးရွာတွေမှာ စစ်မူထမ်းသူတွေကို ထောက်ပံ့ဖို့ဆိုပြီး လအလိုက်ငွေကြေးတောင်းခံတာနဲ့ အသုတ်လိုက် ငွေကြေးတောင်းခံတာတွေ ရှိနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ရွာအလိုက်တော့ ကွာတယ်။ ကျွန်တော်တို့မှာကျတော့ လစဉ်ပေါ့လေ။ အိမ်ထောင်ကျော်ရှိတဲ့ရွာပေါ့။ အဲဒါကို စစ်မှုထမ်း နှစ်ယောက်လွှတ်ရတယ်။ လွှတ်ပြီးတော့ အဲဒီနှစ်ယောက်အတွက်ကို တစ်အိမ်ကို ၅၀၀၀ ပေါ့။ ထည့် ပေးရတာ လစဉ်။ တချို့ရွာတွေကျတော့လည်း သူကအပြတ်ယူတာပေါ့။ တစ်အိမ်ကို ၂၀၀၀၀ ထည့်ရတာ။ လိုတာထက်ကိုပိုပြီး တောင်းကြတာတွေလည်း ရှိတယ်။ ရွာတိုင်းနီးပါးလိုလို ပြောရမှာပေါ့။ ငွေကြေးတောင်းခံတာ”လို့ ဆိုပါတယ်။
ပြည်သူ့စစ်မှုထမ်း ဥပဒေနဲ့ အရန်တပ်ဖွဲ့ဥပဒေဟာ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့် ရှောက်ဖို့နဲ့ နိုင်ငံအတွင်းအပြင် ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံရှိ ပဋိပက္ခနဲ့ တင်းမာမှုအခြေအနေအပေါ် မူတည်ကာ ပြန်လည်အသက်သွင်းခဲ့တာလို့ အကြောင်းပြပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်ဖို့အတွက်ဆိုပြီး သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ကိုယ်တိုင်က အတင်းအဓမ္မ စစ်သားစုဆောင်းတာ၊ ငွေကြေးအဆမတန် ကောက်ခံတာတွေ လုပ်ဆောင်နေတာပါ။
မွန်ပြည်နယ်နေ နောက်ထပ်ဒေသခံ တစ်ဦးကလည်း စစ်မှုထမ်းဥပဒေအကြောင်းပြပြီး ကျေးရွာတွေရှိ နေအိမ်တွေမှာ ငွေကြေးတောင်းခံမှုတွေကို ဆက်တိုက်လုပ်ဆောင်နေသလို ငွေကြေးမပေးဆောင်နိုင်ပါက စစ်မှုထမ်းရတော့မလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေတယ်လို့ ပြောပါတယ်။
“ညီမတို့ရွာကြီးတဲ့အတွက်ကြောင့် တစ်အိမ်ကိုတစ်သောင်းပေါ့နော်။ တခြားရွာတွေဆိုရင်တော့နှစ်သောင်းထိလို့ ကြားတယ်။ သူပြောချင်တာကျတော့ ကိုယ့်ရွာကမပေးလို့ရှိရင် ကိုယ့်ရွာကသွားရမှာပေါ့လေ။ ဒါသူတို့ ငှားလို့မရဘူး ဆိုလို့ရှိရင်တော့ ကိုယ့်ရွာကသွားရမှာပေါ့။ အဓိကတော့ သူတို့လူငှားဖို့အတွက် ပိုက်ဆံလိုက် တောင်းတာပါ။ ပြည်သူအနေနဲ့ ရင်တထိတ်ထိတ်တော့ ဖြစ်နေတယ်။ ဘယ်အချိန် ကိုယ့်အလှည့်ရောက်လာမလဲ၊ ကိုယ်မပေးရင်ရော ကိုယ်ပဲသွားရတော့မလားပေါ့”လို့ ဆိုပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီဟာ စစ်မှုထမ်းနည်းဥပဒေ မထွက်ခင်မှာပဲ စစ်မှုထမ်းသင်တန်းတွေကို တိုင်းနဲ့ပြည်နယ် ၉ ခု ရဲ့ သင်တန်းကျောင်း ၁၃ ကျောင်းမှာ စတင်ဖွင့်နေပြီဖြစ်ပါတယ်။
စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် နိုင်ငံအတွင်းက လူငယ်အများစုဟာ နီးစပ်ရာအိမ်နီးချင်း နိုင်ငံတွေနဲ့ လွတ်မြောက်ရာ နယ်မြေတွေကို နေ့စဉ်အလုံးအရင်းနဲ့ ထွက်ခွာတာတွေ ရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI