နေပြည်တော် ၊ ဧပြီ ၂

မွန်နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ မွန်ညီညွတ်ရေးပါတီ MUP က ကရင်ပြည်နယ်အတွင်း စည်းရုံးမယ့် မွန်တိုးတက် ရေးပါတီအမည်နဲ့ ပါတီမှတ်ပုံတင်လျှောက်ထားတာကို ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုလိုက်ပြီလို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

ကရင်ပြည်နယ် ဘားအံမြို့ မှာ ပါတီရုံးချုပ်ဖွင့်လှစ်ထားတဲ့ မွန်တိုးတက်ရေးပါတီကို ၂၀၂၄ ခုနှစ် ဧ ပြီ ၁ ရက်နေ့ကစပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၉ နဲ့အညီ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။

မွန်တိုးတက်ရေးပါတီရဲ့ မှတ်ပုံတင်အမှတ် ၄၈ ဖြစ်ပြီး မွန်ပြည်နယ်အတွင်း စည်းရုံးမယ့် မွန်ညီညွတ် ရေးပါတီကတော့ စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်မှာ တစ်နှစ်ကျော် ပါတီမှတ်ပုံတင်လျှောက်ထားခဲ့ပေမယ့် အခုထိတော့ မကျသေးပါဘူး။

ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းမှာ စစ်ကောင်စီ ပြဌာန်းခဲ့တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေပါ ကန့်သတ် ချက်တွေကြောင့် ပြည်ထောင်စုတစ်ဝန်းလုံးစည်းရုံးမယ့် ပါတီအဖြစ် ရပ်တည်ခဲ့တဲ့ မွန်ညီညွတ်ရေးပါတီက ပြည်နယ်အဆင့် မှတ်ပုံတင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

မွန်ညီညွတ်ရေးပါတီဟာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ နှောင်းပိုင်းမှာ ပါတီဆက်လက်တည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်အတွက် စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်ထံ လျှောက်ထားခဲ့ပေမယ့် ပါတီမှတ်ပုံတင် မကျလာခဲ့ပါဘူး။

ဒါကြောင့် စစ်ကောင်စီကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ကရင်ပြည်နယ်အတွက် ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ ပြည်နယ်အဆင့်စည်းရုံးမယ့်ပါတီအဖြစ် မွန်တိုးတက်ရေးပါတီအမည်နဲ့ ပြီးခဲ့တဲ့နှစ် ဩဂုတ်နှောင်းပိုင်းမှာ ပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့တာပါ။

၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၄ ရက်နေ့မှာတော့ စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်က မွန်တိုးတက်ရေးပါတီကို နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေတွေနဲ့ ညီညွတ်ကြောင်း စိစစ်တွေ့ ရှိရတဲ့အတွက် ပါတီတည်ထောင်ခွင့်ပြုခဲ့ပါတယ်။

အဲဒီကနေတဆင့် မွန်တိုးတက်ရေးပါတီဟာ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၅ အရ နိုင်ငံရေးပါတီအဖြစ် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ မှတ်ပုံတင်လျှောက်ထားခဲ့ပြီး ဧပြီ ၁ ရက်နေ့မှာ ပါတီမှတ်ပုံ တင်ကျလာတာ ဖြစ်ပါတယ်။

မွန်နိုင်ငံရေးပါတီတွေထဲက စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်ကနေ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားတဲ့ ပါတီတွေထဲမှာ ပြည်ထောင်စုတဝန်းစည်းရုံးမယ့် အမျိုးသမီးပါတီ (မွန်) နဲ့ ကရင်ပြည်နယ်အတွင်း စည်းရုံးမယ့် မွန်တိုးတက်ရေးပါတီတို့ ရှိနေပါတယ်။

နိုင်ငံရေး စစ်ရေးအကဲခတ်တွေကတော့ စစ်ဘောင်ပိုကျယ်လာတဲ့ မြန်မာ့နိုင်ငံရေးဟာ ရွေးကောက် ပွဲကျင်းပဖို့ အလှမ်းဝေးနေဦးမှာ ဖြစ်သလို နိုင်ငံရေးပါတီတွေကလည်း စစ်ကောင်စီရဲ့ ထိန်းချုပ်ကန့် သတ်မှုတွေမှာ ဆက်လက်ရပ်တည်ဖို့သာ ကြိုးပမ်းရမယ့် အခြေအနေပဲရှိတယ်လို့ သုံးသပ်ထားကြတာပါ။

အာဏာသိမ်း စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ မဲစာရင်းတွေ ပြည့်စုံပြီး တိုင်းပြည်တည်ငြိမ်ပြီဆိုတာနဲ့ ရွေးကောက်ပွဲကို တပြိုင်နက်မဟုတ်ရင်တောင် အပိုင်းလိုက်ကျင်းပနိုင်ရေး ဆောင်ရွက်သွားဖို့ ရှိတယ်လို့ ပြီးခဲ့တဲ့ မတ်တတိယအပတ်မှာ ထုတ်ပြောထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.