သံဖြူဇရပ်၊ မတ် ၂၉

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့PDF တွေထံ ငွေကြေးထောက်ပံ့မှု စွပ်စွဲချက်နဲ့ ဒေသခံလူငယ် ၆ ဦး ထပ်မံဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၅ ရက်နေ့က သံဖြူဇရပ်မြို့နယ် ဝါခရုကျေးရွာနေ အသက် ၂၀ အရွယ် မောင်ခန့်မင်းသူဟာ ရောင်နီဦးအကောင့်နဲ့ PDF တွေအတွက် အလှူခံပေးပြီး လစဉ် ငွေကျပ် ၇ သိန်း ထောက်ပံခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်က နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။

အဲဒီနောက် မောင်ခန့်မင်းထံ အလှူငွေတွေ ထည့်ဝင်ခဲ့တယ်ဆိုပြီး မတ် ၂၇ ရက်နေ့ ည ၈ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်အင်အား ၃၀ လောက်ဟာ ဝါခရုကျေးရွာအတွင်း ရောက်ရှိလာပြီး ရွာလယ်ပိုင်းနေ ဒေသခံလူငယ် ၅ ဦးကို ဖမ်းဆီးခဲ့တာပါ။

စစ်ကောင်စီတပ်ဟာ ဒီကနေ့ မတ် ၂၈ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာလည်း သံဖြူဇရပ်မြို့ ကြံ့ ခိုင်ရေးရပ်ကွက်နေ ဒေသခံအမျိုးသား ၁ ဦးကိုလည်း ကွင်းဆက်ထောက်ပို့စွပ်စွဲချက်နဲ့ ထပ်မံဖမ်း ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ လူငယ် ၆ ဦးကို စစ်ကြောရေးမှာ စစ်ဆေးနေပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည) နဲ့ အမှုဖွင့်အရေးယူသွားဖို့ စီစဉ်ထားတယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ထုတ်ပြန်ချက်တွေအရ အာ ဏာသိမ်းကာလအတွင်း မွန်ပြည်နယ်မှာ အရပ်သားပြည်သူ ၁၀၀၀ ထက်မနည်း ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.