သိန္ဒီ – မတ် ၂၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊သိန္ဒီမြို့နယ်အခြေစိုက် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းတပ်မတော် SSPP/SSA တပ်စခန်းတစ်ခုကို မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA က ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲဖြစ်ပွားနေတယ်လို့ SSPP က သတင်း ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့ ညနေပိုင်းမှာ ကိုးကန့်တပ် MNDAA က တိုက်ခိုက်ရေးဒရုန်းနဲ့ သိန္ဒီ မြို့နယ် နမ့်စလပ်ကျေးရွာနဲ့ စယ်အူကျေးရွာအတွင်း လှုပ်ရှားနေတဲ့ SSPP/SSA စစ်ကြောင်းကို လိုက်လံတိုက်ခိုက်ခဲ့ရာက ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စယ်အူကျေးရွာအုပ်စု ကုန်းညောင် ကျေးရွာအနီးမှာ ၁၀ မိနစ်ကြာ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုထားပါတယ်။ 

မတ်လ ၂၇ ရက်နေ့ မနက်ပိုင်းကလည်း စယ်အူကျေးရွာအုပ်စု၊ပန်နားကျေးရွာအနီးက MNDAA တပ်အင်အား ၂၀၀ ခန့်က SSPP/SSA ရဲ့ အထူးတပ်စခန်းတနေရာကို တိုက်ခိုက်ရေး ဒရုန်းနဲ့ အကြိမ် ၅၀ ကျော်ဗုံးကြဲခဲ့တဲ့အပြင် မြေပြင်မှာလည်း SSPP/SSA တပ်စခန်းကို ထပ်မံ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့အတွက် နေ့လည် ၁၂ နာရီကျော်အထိ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွား ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

တိုက်ပွဲအတွင်း MNDAA ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကို SSPP/SSA က ခုခံကာကွယ်တဲ့ အနေ အထားနဲ့သာ ခုခံတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် တိုင်းရင်းသားအချင်းချင်းပြန်လည်သင့်မြတ်ရေးအတွက် ရှေးရှုပြီး တွေ့ဆုံဆွေးနွေးမှု လမ်းစဉ်ဖြင့် အတက်နိုင်ဆုံးပြဿနာတွေကို ဖြေရှင်းသွားနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ လည်း SSPP က အသိပေးထားပါတယ်။ 

တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်နဲ့ လုံးဝဖြေရှင်းလို့မရခဲ့မှသာ အုပ်ချုပ်ရေးနယ်မြေအတွင်းက မိဘ ပြည်သူတွေကို ထိပါးစော်ကားမှုပြုလုပ်ခဲ့ပါက SSPP/SSA အနေနဲ့ ထိထိရောက်ရောက်ပြန်လည် တုံ့ပြန်သွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

လက်ရှိမှာတော့ ဒီတိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က MNDAA ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။ 

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက AA၊MNDAA၊NDAA နဲ့ SSPP တို့ဟာ ဝ တပ်မတော် UWSA နဲ့ သွားရောက်တွေ့ဆုံထားပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – SSPP Info

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.