ထားဝယ်၊ မတ် ၂၈

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ဇဟာကျေးရွာလမ်းမကြီးမှာ တပ်မတော်နေ့အခမ်းအနား လုံခြုံ ရေးယူပေးနေတဲ့ စစ်ကောင်စီတပ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးသွားတယ်လို့ ဗထူးတပ်မတော်ထံက သိရပါတယ်။

မနေ့ မတ် ၂၇ ရက် ညနေ ၅ နာရီခွဲအချိန်ခန့်မှာ အင်အား ၅၀ ဝန်းကျင်နဲ့ လုံခြုံရေးယူပေးနေတဲ့ အမှတ်(၃၀၄) အမြောက်တပ်က တပ်ဖွဲ့ဝင်တွေကို ဗထူးတပ်မတော်နဲ့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် ၁၅ မိနစ်နီးပါးကြာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဗထူးတပ်မတော်ရဲ့ ပြန်ကြားရေး တာဝန် ခံ ရဲဘော်ထက်မြက်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေ အဆက်မပြတ်ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။

ဒီနေ့ မနက်ပိုင်းမှာတော့ အဲဒီအမြောက်တပ်က အင်အား ၅၀ ဝန်းကျင်နဲ့ ဇဟာကျေးရွာထိပ်ရှိ ဒေသအခေါ် ကုလာဝိတ်ဘုရားအနီးအနားမှာ ကင်းပုန်းဝပ်တာတွေ လုပ်ဆောင်နေတယ်လို့ ပြည်သူ့ကာ ကွယ်ရေးအဖွဲ့တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၃ ရက်နေ့ကလည်း ဇဟာကျေးရွာအခြေစိုက် စစ်ကောင်စီအမြောက်တပ် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးခဲ့ပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ဗထူးတပ်မတော်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.