ကျိုက်မရော၊ မတ် ၂၈

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာထဲကို စစ်ကောင်စီတပ်ရဲ့ ကြည်း၊ရေ၊လေ တာဝေးပစ်လက် နက်ကြီး အသုံးပြုပစ်ခတ်မှုကြောင့် နေအိမ် ၃၀၀ နီးပါး မီးလောင်ပျက်စီးခဲ့ရတယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင် စီ MSFC က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

မနေ့ မတ် ၂၇ ရက်နေ့ စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ဓမ္မသကျေးရွာကို လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်းတွေကနေ တာဝေးပစ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး မီးတင်ရှို့ခဲ့တဲ့အတွက် ဒေသခံနေအိမ်တွေ မီးလောင်ပျက်စီးခဲ့ရတာပါ။

ဓမ္မသကျေးရွာမှာ မည်သည့် တော်လှန်ရေးအဖွဲ့အစည်းတွေမှ တပ်စွဲထားတာမရှိကြောင်းနဲ့ အခုဖြစ်စဉ်ဟာ ကော့ဘိန်းရဲစခန်းသိမ်းပိုက်ခံရမှုအပေါ် စစ်ကောင်စီက မွန်၊ကရင်နဲ့ပြည်သူ့တော်လှန်ရေး အဖွဲ့အစည်းတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ ရွာသူရွာသားတွေအပေါ် ရည်ရွယ်ချက်ရှိရှိ ရန်ရှာပစ်ခတ်တာ ဖြစ်တယ်လို့ MSFC က ဆိုပါတယ်။

တော်လှန်ရေးအင်အားစုတို့အား တိုက်ရိုက်ရင်မဆိုင်ရဲဘဲ ပြည်သူတွေကို ရန်ရှာတဲ့ စစ်ကောင်စီရဲ့ လူမဆန်တဲ့ လုပ်ရပ်နဲ့ မီးလောင်မှုဖြစ်စဉ်အတွင်း အနီးအနားကျေးရွာတွေက မီးသတ်ကားတွေ လာရောက်ကူညီပေးမှုကို စစ်ကောင်စီတပ်တွေမှ တားမြစ်မှုအပေါ် အပြင်းအထန် ရှုတ်ချတယ်လို့ MSFC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါ တယ်။

စစ်ကောင်စီတပ်ဟာ အရင်က ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကရင်နီပြည်နယ်နဲ့ကရင်ပြည်နယ် နေရာအ များအပြားမှာ စစ်ရာဇဝတ်မှု လူသားမျိုးနွယ်တွေအပေါ် အပြစ်ကျူးလွန်ခဲ့ပြီး အခုအခါမှာတော့ မွန်ပြည်နယ်မှာ ထပ်မံကျူးလွန်ခြင်းဖြစ်တယ်လို့ MSFC ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီရဲ့ လုပ်ရပ်ကြောင့် ဒေသခံပြည်သူလူထု ၆၀၀၀ ကျော် အတိဒုက္ခရောက်ကြရပြီ အများစုဟာ မွန်လူမျိုးတွေ ဖြစ်ကြောင်းနဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေ အမြန်ဆုံး ရပ်တန့်စေဖို့ ပြည်သူလူ ထုတစ်ရပ်လုံး နည်းမျိုးစုံနဲ့ တွန်းအားပေး တိုက်ထုတ်သွားဖို့ MSFC က တိုက်တွန်းတာပါ။

စစ်ကောင်စီရဲ့ လုပ်ရပ်ကြောင့် ဒုက္ခရောက်ရှိကာ အိုးအိမ်မဲ့သွားတဲ့ ပြည်သူတွေကို မွန်ပြည်အတွင်းရှိ မွန်ပြည်သူတွေ ပြည်ပရောက် မွန်ပြည်သူတွေ မြန်မာနိုင်ငံပြည်သူတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတို့မှ လူသားချင်း စာနာမှုအကူအညီပေးအပ်ဖို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC က တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ- Mon Unity Foundation

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.