ရေး၊ မတ် ၂၇
မွန်ပြည်နယ် ရေးမြို့နယ် မော့ကနင်းကျေးရွာ ရော်ဘာခြံတွေအနီး စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒီနေ့ မတ် ၂၇ ရက်နေ့ မနက် ၄ နာရီအချိန်ခန့်မှာ လမိုင်းအခြေစိုက် စစ်ကောင်စီရဲ့ အမှတ်(၃၁၇) အမြောက်တပ်ကနေ တိုက်ပွဲမရှိဘဲ မော့ကနင်းကျေးရွာအနီးပတ်ဝန်းကျင်ကို လက်နက်ကြီး ၃ လုံးထက်မနည်း ပစ်ခတ်ခဲ့တာပါ။
စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၄၈ နှစ်အရွယ် ဒေါ်တင်မူဟာ ရော်ဘာအစေးခြစ်နေစဉ် လက်နက်ကြီးအစထိမှန်ခဲ့ပါတယ်။
စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးအစထိမှန်မှုကြောင့် ဒေါ်တင်မူမှာ ခြေထောက် အရိုးကွဲဒဏ်ရာရရှိခဲ့တဲ့အတွက် ဒေသခံတွေရဲ့ အကူအညီနဲ့ လမိုင်းဆေးရုံထံ တက်ရောက်ကုသနေရတယ်လို့ သိရပါတယ်။
ရေးဒေသအခြေစိုက် စစ်ကောင်စီတပ်ရင်းတွေဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစလို့ တိုက်ပွဲမရှိဘဲ အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေထဲကို နေ့စဉ်နဲ့အမျှ လက်နက်ကြီး ပစ်ခတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ် ၅ ရက်နေ့ကလည်း ရေးမြို့နယ်ရှိ စစ်ကောင်စီရဲ့ အစင်တံတားလုံခြုံရေးဂိတ်မှာ ဆိုင်ကယ်မရပ်ပေးလို့ဆိုပြီး သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ဒေသခံအမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media