မော်စကို၊ မတ် ၂၈
ရုရှားနိုင်ငံ မော်စကိုမြို့ရဲ့ ဂီတဖျော်ဖြေရေးခန်းမ တိုက်ခိုက်ခံရမှုမှာ ယူကရိန်းနဲ့ အနောက်အုပ်စုတို့ နောက်ကွယ်က ပါဝင်နေတယ်လို့ ရုရှားလုံခြုံရေးဌာနက စွပ်စွဲလိုက်ပါတယ်။
တိုက်ခိုက်မှုအတွက် သံသယရှိသူတွေဟာ အစ္စလာမ်မစ် အစွန်းရောက်တွေဖြစ်တယ်လို့ ရုရှား သမ္မတက ဆိုထားပေမယ့် နောက်ကွယ်မှာ ယူကရိန်းနဲ့ဆက်နွယ်နေတယ်လို့ စွပ်စွဲထားတာပါ။
ရုရှားဖက်ဒရယ် လုံခြုံရေးဌာန ညွှန်ကြားရေးမှူး အလက်ဇန်းဒါး ဘော်နီကော့ဗ်က ဒီတိုက်ခိုက်မှု နောက်ကွယ်မှာ အမေရိကန်၊ဗြိတိန်နဲ့ ယူကရိန်းတို့ ပါဝင်နေတယ်လို့ ဆိုထားတာပါ။
ဒီတိုက်ခိုက်မှုဟာ မိမိတို့လက်ချက်ဖြစ်တယ်လို့ IS အဖွဲ့နဲ့ ဆက်နွယ်တဲ့ အဖွဲ့အစည်းတစ်ခုက ပြောဆိုထားပြီး အမေရိကန်ကလည်း အဲဒီအဖွဲ့ရဲ့ ဝန်ခံချက်ကို အတည်ပြုထားပါတယ်။
ရုရှားမှာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်နိုင်တယ်လို့ အမေရိကန် ထောက်လှမ်းရေးက ကြိုတင်သတိပေးခဲ့တယ်လို့ သိရပါတယ်။
ပြင်သစ်သမ္မတ မက်ခရွန်ကလည်း IS အဖွဲ့လက်ချက်ဖြစ်တယ်လို့ ထောက်လှမ်းရေးသတင်းတွေမှာ ဖော်ပြနေတယ်လို့ ပြောထားပါတယ်။
ဒီတိုက်ခိုက်မှုကို အစ္စလာမ်မစ် အစွန်းရောက်တွေက ပြုလုပ်ခဲ့တာဖြစ်ပြီး အနောက်တိုင်း ထောက်လှမ်းရေးတွေက ပါဝင်ကူညီခဲ့တာဖြစ်တယ်လို့ ဘော်နီကော့ဗ်က ဆိုခဲ့တာပါ။
သေနတ်သမား ၄ ဦးဟာ ယူကရိန်းကို ထွက်ပြေးဖို့ ကြိုးပမ်းနေချိန်မှာ ဖမ်းဆီးရမိခဲ့တာကြောင့် တိုက်ခိုက်မှုမှာ ယူကရိန်းပါဝင်နေတယ်လို့သူက ပြောပါသေးတယ်။
ဘီလာရုစ်သမ္မတ လူကာရှန်ကိုကတော့ သေနတ်သမားတွေဟာ မိမိတို့နယ်စပ်မှာ လုံခြုံရေးတင်း ကျပ်ထားတာကြောင့် ယူကရိန်းကို ထွက်ပြေးဖို့ ကြိုးစားတာဖြစ်တယ်လို့ မတ်၂၆ ရက်နေ့က အသိပေးထားပါတယ်။
မော်စကိုမြို့က ခရိုကပ်မြို့တော်ခန်းမတိုက်ခိုက်မှုအတွင်း လူပေါင်း ၁၄၀ နီးပါးသေဆုံးပြီး ၉၀ ကျော် ဆေးရုံတက်နေရကာ အဲဒီထဲက ၂၂ ဦး အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ကျန်းမာရေး အရာရှိတွေက ပြောခဲ့ပါတယ်။
Ref:Euronews